Search This Blog

ရန်ကုန် သယ်ယူပို့ဆောင်ရေးစံနစ် ဆိုင်ရာ အစီအမံများအား သုံးသပ်ခြင်း

***နည်းပညာ အသုံးပြု ယာဉ်ကြော ထိန်းသိမ်းမှု စံနစ် (ATCS)***

ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ရဲ့ ပံ့ပိုးမှုဖြင့် ရန်ကုန်မြို့ ယာဉ်ကြော ကြပ်တည်းသည့် မီးပွိုင့်များတွင် အဆင့်မြင့် နည်းပညာသုံး ယာဉ်ကြော ထိန်းသိမ်းမှု စံနစ်များတ ပ်ဆင်သွားရန် ရှိသည်။ စမ်းသပ်စံနစ်တစ်ခုကို (၈)မိုင်လမ်းဆုံတွင် တပ်ဆင်ထားပြီး မြို့ပြင်ထွက်သည့် ယာဉ်ကြောကို ထိရောက်စွာ မပံ့ပိုးနိုင်ပါ။ အဆိုပါ လမ်းဆုံတွင် ယာဉ်ထိန်းရဲ အဖွဲ့ငယ်တစ်ခု ရှိသော်လည်း ယာဉ်စည်းကမ်းဖောက်ဖျက်မှု အများဆုံး ကျူးလွန်ရာ လမ်းဆုံဖြစ်ပြီး၊ အဆိုပါ ယာဉ်ထိန်းများမှ လျစ်လျူရှုထားသည်ကို တွေ့ရသည်။ ယာဉ်စည်းကမ်းဖောက်ဖျက်မှု များကို ထိန်းသိမ်းရန် စောင့်ကြည့် အရေးယူသည့်စံနစ်များ ထပ်မံ တပ်ဆင်ဘို့ လိုအပ်နေပါသည်။ ပြည်သူလူထုမှ ပူးပေါင်းပါဝင်လိုပြီး၊ ယာဉ်စည်းကမ်းဖောက်ဖျက်မှုများကို သတင်းပို့ရန် နည်းပညာ အထောက်အကူပြု စင်္ကြန်တစ်ခု တည်ဆောက်ရန် ယာဉ်ထိန်း ရဲတပ်ဖွဲ့အား တိုက်တွန်းလိုသည်။

***ကျွမ်းကျင် ယာဉ်ထိန်းရဲများ မွေးထုတ်ခြင်း***

အောက်ခြေ၀န်ထမ်းများမှ တပ်ဖွဲ့ဖွဲ့စည်းပုံ တိုးချဲ့ရန် တင်ပြတိုင်း အငြင်းပယ်ခံရသည်ဟု ကြားသိရပါသည်။ ယမန်နှစ်က တပ်ဖွဲ့ဝင်အင်အား တိုးချဲ့ခဲ့သော်လည်း၊ တပ်ဖွဲ့ဝင်သစ်များမှာ အပြည်ပြည်ဆိုင်ရာ ယာဉ်ကြီးကြပ်မှု ဥပဒေများ နှင့် အကျွမ်းမ၀င်ကြပါ။ ၀ီစီကို အသုံးပြု၍ ယာဉ်ကြောကို ပဉ္စလက်ဆန်စွာ ရှင်းလင်း၍ ရမည်ဟု ယုံမှတ်မှားနေကြဆဲ ဖြစ်သည်။ ဆိုင်ကယ်အသုံးပြု ကင်းလှည့် ယာဉ်ထိန်းရဲများ၏ အရည်အသွေး နှင့် ပါတ်သက်၍ သံသယ ရှိပါသည်။ ကျွမ်းကျင်သော ယာဉ်စည်းကမ်း ဖောက်ဖျက်သူများ နှင့် ရင်ဆိုင်ရန် ဆိုင်ကယ်စီး စွမ်းရည် အရည်အသွေး မပြည့်ဝဟု ယူဆပါသည်။ ဆိုင်ကယ်စီး ယာဉ်ထိန်းရဲတစ်ဦးသည် သာမာန် ဆိုင်ကယ် စီးတတ်ရုံဖြင့် မရ။ ထိုးထွင်းဥာဏ်၊ သန်းစွမ်းမှု၊ လျင်မြန်ဖြတ်လတ်မှု နှင့် အခက်အခဲ အတားအဆီး အမျိုးမျိုးကို ရင်ဆိုင် ကျော်လွှားနိုင်စွမ်း ရှိရပါသည်။

***ခုံးကျော်တံတားများ***
ခုံးကျော်တံတား(၃)ခု တည်ဆောက်ပြီး၍ ယာဉ်ကြော ပိတ်ဆို့မှု အနည်းငယ် လျော့ပါးသွားသော်လည်း၊ ပြသနာမှာ ဆက်လက် ရှိနေဆဲ ဖြစ်သည်။ ယခု ဘဏ္ဏာရေးနှစ်တွင် မြေနီကုန်း ခုံးကျော်တံတား ဆက်လက် တည်ဆောက်ရန် ရည်မှန်းထားပြီး၊ တာမွေ အ၀ိုင်းထိပ် လမ်းဆုံတွင် ခုံးကျော်တ့တားထိုးမည့် အစီအစဉ်မှာ ဘဏ္ဏာရေး အခက်အခဲကြောင့် ရပ်ဆိုင်းထားပါသည်။

***ခရီးသည် အများအပြား ပို့ဆောင်ရေးစံနစ် (ရထား၊ BRT)***

JICA ၏ ဌာနခွဲတစ်ခုဖြစ်သော မဟာရန်ကုန် မြို့ပြ သယ်ယူပို့ဆောင်ရေး စီမံကိန်း (YUTRA) မှ ရန်ကုန် မြို့တော် သယ်ယူပို့ဆောင်ရေး စံနစ်ကို မွမ်းမံရန် ဘတ်ဂျတ်လျာထားမှု ဇန္န၀ါရီလတွင် ထွက်ရှိခဲ့ပြီး၊ အကြို လျာထားချက်အရ အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း (၂၅) ကုန်ကျမည် ဖြစ်ပါသည်။ အရှေ့-အနောက် ၂၀.၈ ကီလိုမီတာ လမ်းကြောင်းတစ်လျှောက်ပြေးဆွဲမည့် ခေတ်မီရထားစံနစ်ကို (၂၀၂၅) ခုနှစ်တွင် စတင်ရန် လျာထားပါသည်။ (ရင်းမြစ်: The Voice Weekly)

ထို့ပြင် JICA မှ လက်ရှိ မြို့ပါတ်ရထားလမ်းကို အဆင့်မြှင့်ရန် ကူညီလျက် ရှိပါသည်။ သို့သော် မြို့ပါတ်ရထား ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက် ခုံးကျော်တံတား အများအပြားကို တည်ဆောက်ရန် လိုအပ်နေပါသည်။

"ရထားလမ်းတစ်လျှောက် ရထားပို့ဆောင်ရေး နှင့် အခြားဌာနပိုင်မြေများကိုလည်း ရောင်းချခြင်း မပြုဘဲ နောင်အချိန် ရထားဘူတာရုံ များသို့ ခေါက်တို ပြေးဆွဲမည့် ဘတ်(စ)ကားများအတွက် ဘတ်(စ)ကားဂိတ်များ တည်ဆောက်ရန် ထိန်းသိမ်းထားဘို့ လိုအပ်နေပါသည်။"

BRT (Bus Rapid Transit) စံနစ်အတွက် အကြိုလေ့လာဆဲ ကါလတွင်သာ ရှိပြီး၊ ၂၀၁၄-မကုန်မီ ပေါ်လာဘို့ ဆိုသည်မှာ မရေမရာ အခြေအနေတွင်သာ ရှိနေပါသေးသည်။

ရင်းမြစ် :
(1) YUTRA Hot News
(2) 7day Daily
(3) The Voice Weekly
(4) Eleven
(5) Kamaryut Media