Search This Blog

မဟာရန်ကုန် မြို့ပြသယ်ယူပို့ဆောင်ရေး စီမံကိန်း (YUTRA) အတွက် အမေရိကန်ဒေါ်လာ ၂၅ ဘီလျံ ကုန်ကျမည်။

မဟာရန်ကုန် မြို့ပြသယ်ယူပို့ဆောင်ရေး စီမံကိန်း (YUTRA) အတွက် အမေရိကန်ဒေါ်လာ ၂၅ ဘီလျံ ကုန်ကျမည်ဖြစ်ကြောင်း JICA မှ လေ့လာရေး အဖွဲ့ခေါင်းဆောင် မစ္စတာ တာကာရှိရှိုးယာမက ပြောကြားသည်။

မဟာရန်ကုန် မြို့ပြသယ်ယူပို့ဆောင်ရေး မဟာဗျူဟာ စီမံကိန်းနှင့် ပတ်သက်သည့် အများပြည်သူသို့ ပွင့်လင်းမြင်သာစွာချပြခြင်း အစည်းအဝေးတွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“မဟာစီမံကိန်း တစ်ခုလုံးစာ အကောင်အထည် ဖော်မယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်၊ ရေတို၊ ရေလတ်၊ ရေရှည်စီမံကိန်း အားလုံးအတွက်ဆိုရင် အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း ၂၅၀၀ လောက်ရှိပါတယ်။ ၂၅ ဘီလျံ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အခြားပုဂ္ဂလိက လုပ်ငန်းတွေနဲ့ BOT ဆောင်ရွက်မယ်ဆိုရင် ၁၆ ဘီလျံအထိ လျှော့ချနိုင်မယ်” ဟု မစ္စတာ တာကာရှိရှိုးယာမက ဆိုသည်။

အဆိုပါ စီမံကိန်းကို ရေတို၊ ရေလတ်၊ ရေရှည်စီမံကိန်းဟူ၍ သတ်မှတ်ထားပြီး ရေတိုစီမံကိန်း ၂၀၁၈၊ ရေလတ်စီမံကိန်း ၂၀၂၅၊ ရေရှည်စီမံကိန်း ၂၀၃၅ အထိ သတ်မှတ်ထားကြောင်း သိရသည်။

“ဒီစီမံကိန်းမှာ အဓိကဦးစားပေးမယ့် အဆင့်တွေကို ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီနှစ်အစောပိုင်းမှာ သွားလာရေးနဲ့ ယဉ်ကြောဆိုင်ရာ စစ်တမ်းများကို ကောက်ယူခဲ့တဲ့အခါမှာ အိမ်ထောင်စုပေါင်း ၁၁၀၀၀ ကျော်ကို စစ်တမ်းကောက်ခဲ့တယ်။ လူဦးရေကလည်းပဲ မကြာမီမှာ သိသိသာသာ တိုးတက်လာမယ်။ လက်ရှိရန်ကုန်မြို့လယ်ရဲ့ လူဦးရေဟာ ၅ ဒသမ ၇ သန်းခန့်မှန်းတယ်။ ၂၀၃၅ မှာ ၉ ဒသမ ၇ သန်းရှိမယ် ခန့်မှန်းထားတယ်။ ဒါဆိုရင် ခရီးသွားလိုအပ်ချက် ပိုတိုးလာမယ်။ ခရီးသွားလာမှုဟာ အခုအချိန်မှာ ၁၁ သန်းရှိရာကနေ ၂၀၃၅ မှာ ၁၉ ဒသမ ၅ သန်းရှိလာမှာမို့ သန်း ၂၀ လောက်တိုးလာမယ်။ ဒါဟာ ၁ ဒသမ ၈ ဆတိုးတက်လာတယ်။ လူနေထူထပ်လာမယ့် နေရာတွေမှာ အများပြည်သူ သယ်ယူပို့ဆောင်မယ့် လိုအပ်ချက်က လိုအပ်လာမှာဖြစ်တယ်” ဟု ယင်းကဆက်လက်ပြောကြားသည်။

ထို့ပြင် ရန်ကုန်မြို့၏ အချက်အချာကျသော နေရာများနှင့် အဓိကလမ်းမများတွင် ယာဉ်ကြောပိတ်ဆို့မှု လျှော့ချရေးစီမံကိန်း၊ ယာဉ်ရပ်နားမှု အဆင့်မြှင့်တင်ခြင်း၊ ယာဉ်အန္တရာယ်ကင်းရှင်းမှု ငါးနှစ်အစီအစဉ်တို့ကို ယာဉ်ကြောစီမံခန့်ခွဲမှုဆိုင်ရာ စီမံကိန်းများအဖြစ် အဆိုပြုထားကြောင်း သိရသည်။

ယာဉ်ကြောပိတ်ဆို့မှု လျော့ကျစေရန်အတွက် ဦးစားပေးအဆင့် သုံးရပ်ဖြင့် ရန်ကုန်တိုင်း အစိုးရအဖွဲ့မှ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်က ယင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။

JICA နှင့် မြန်မာအစိုးရတို့အကြား အဆိုပါစီမံကိန်း၏ ကုန်ကျစရိတ်အတွက် မည်သို့ဆောင်ရွက်မည်ကို ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ယင်းကဆိုသည်။


Source : YUTRA and EMG

ရန်ကုန် ယာဉ်ကြာကြပ်တည်းမှု ကပ်ဆိုးကို စက်ဘီးဖြင့် ဖြတ်သန်းခြင်း (၁)

ရန်ကုန်က ယာဉ်ကြောကြပ်တည်းမှု ပြဿနာ

ရန်ကုန် ယာဉ်ကြာကြပ်တည်းမှု ကပ်ဆိုးကို စက်ဘီးဖြင့် ဖြတ်သန်းခြင်း (၁)

  
By Douglas Long

ပြီးခဲ့တဲ့အပါတ်က ရန်ကုန်မြို့ပြင်မှ မြို့တွင်းသို့ (၁၃)မိုင် စက်ဘီးစီးနင်းပြီးတဲ့ တစ်မနက်မှာ ကျနော် ဒီအက်ဆေး/ရင့်ဖွင့်စာကို ရေးဖြစ်ခဲ့ပါတယ်။ အဲဒီ စက်ဘီးစီးလာခဲ့တဲ့ခရီးစဉ်အတွင်း ခပ်ဆိုးဆိုး ယာဉ်မောင်းတွေရဲ့ ကားတွေက ကျနော့်ကို (၅) ကြိမ် (၆)ကြိမ်လောက် တိုက်မိမလို ဖြစ်ခဲ့ပါတယ်။ ဒီအက်ဆေးဟာ ရန်ကုန်မှာ စက်ဘီးစီးကြတဲ့ အခြားသူတွေအတွက်တော့ ထူးဆန်းတဲ့ ကိစ္စတစ်ခု ဖြစ်ချင်မှ ဖြစ်မယ်။ ဒါပေမယ့် ဒီရင်ဖွင့်စာမှာ ရန်ကုန်မှာ ကျွန်တော် ကြုံခဲ့ရတဲ့ စိတ်ရှုပ်ထွေးစရာ ကောင်းတဲ့ ကိစ္စတွေကို အများနားလည်အောင် အားထုတ်ထားပါသည်။

ရန်ကုန်မှာ စက်ဘီးစီးသင့်တဲ့ အချက်တွေအထဲက တစ်ခုက တစ်နေ့ထက်တစ်နေ့ ပိုပိုဆိုးလာတဲ့ ယာဉ်ကြောကြပ်တည်းမှုကနေ ကင်းလွတ်ပြီး၊ သင့်ကို နှောင့်နှေးမှု မရှိ ခရီးသွားလာနိုင်ခြင်းပါ။ ဒါပေမယ့် စက်ဘီးစီးသူတစ်ဦး ဖြစ်မှုကြောင့် ရန်ကုန်ကားကြပ်ရတဲ့ အကြောင်းရင်းတွေထဲ ဒီလိုလူမျိုးတွေကြောင့်လည်း ပါတယ် ဆိုပြိး၊ လက်ညှိုးထိုး ခံရနိုင်ပါသေးတယ်။ ရန်ကုန်ကားကြပ်ရတာ လမ်းပေါ်မှာ ကားတွေ များလာတာ တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ ရန်ကုန်မြို့ခံတွေရဲ့ အံ့သြစရာ ကောင်းလောက်အောင် ရိုင်းပြတဲ့၊ အတ္တဦးစားပေးတဲ့ ယာဉ်မောင်းနှင်မှု အလေ့အထလည်း ပါပါတယ်။

ရန်ကုန်မြို့က ကားမောင်းသူ အတော်များများကြားမှာ ကျင့်သုံးတဲ့ အဘိဓမ္မာက ယာဉ်မောင်းနှင်ချိန် (၃)စက္ကန့်လောက် လျော့ဘို့ဆိုရင် လိုအပ်တာ ဘာဘဲလုပ်လုပ် တရားတယ် ဆိုတဲ့ အဘိဓမ္မာပါ။ တကယ်လို့များ အဲဒီလို အလျင်လိုမှုကြောင့် လူတွေ၇ဲ့ အသက်အန္တရာယ်ကို ထိခိုက်လာမယ် ဆိုတာမျိုး၊ တစ်ခြားလူတွေ ပိုဒုက္ခရောက် နှောင့်နှေးကုန်တာမျိုး၊ ပါတ်ပါတ်လည် ကိုက်(၅၀၀) လောက်ထိ ကားတွေ ပိတ်ကုန်မယ် ဆိုတာမျိုး ရှိခဲ့ရင်တောင်မှ ဒီအဘိဓမ္မာက ဘယ်သူ့ကိုမှ ဂရုမစိုက်ဘို့ သူတို့ကို သွန်သင်ပါတယ်။

မြို့တော် ယာဉ်ထိန်းရဲ အကုန်လုံးနီးပါးလောက်ဟာ ဒီပြဿနာတွေကို ဖြေရှင်းဘို့ရာ ဘယ်လိုမှ အသုံးမ၀င်သလို ယာဉ်ထိန်း နည်းပညာ ကျွမ်းကျင်မှုမှာလည်း ပြဿနာရှိပါတယ်။ ဒီကိစ္စဟာ ဖြေရှင်းရမယ်၊ ငါတို့မှာ တာဝန်ရှိတယ်လို့ တစ်ချို့ရဲတွေကတော့ ခံယူကြတာမျိုး ရှိနိုင်ပေမယ့်၊ အများစုကတော့ လမ်းထောင့်တွေမှာ ရပ်၊ ၀ီစီ တစ်ရွှီရွှီ မှုတ်ရုံနဲ့ ဒီကားပိတ်ဆို့မှုတွေကို မျက်လှည့်ဆန်ဆန် အပ်ချလောင်းဆိုပြီး ရှင်းထုတ်နိုင်လိမ့်မယ်လို့ ထင်မြင်နေကြပုံ ရပါတယ်။ တကယ်တမ်းကျတော့ သူတို့ ဒီလို လုပ်နေတာဟာ ပါတ်ဝန်းကျင်ကို အသံညစ်ညမ်းစေမှုတွေသာ ပိုဖြစ်စေပြီး၊ သူတို့ကို ကြည့်ရတာ အတော် ကိုးရိုးကားယား နိုင်ပါတယ်။

ကမ္ဘာတစ်လွှား မြို့ပြ စီမံကိန်း ပညာရှင်တွေက စက်ဘီးစီးနင်း ခရီးသွားလာမှုဟာ လူတွေကို ယာဉ်ကြော ကြပ်တည်းမှုမှ ကျော်လွှားနိုင်ရုံတင် မကဘဲ တကယ်လို့သာ လူတွေကို သူတို့ကားတွေကိုထဲက ထွက်ပြီး၊ စက်ဘီးခြေနင်းတွေအပေါ် ပိုမို အားကိုးကြဘို့ တိုက်တွန်းနိုင်မယ် ဆိုရင် အဲဒီယာဉ်ကြောကြပ်တည်းမှုကိုပါ လျှော့ချနိုင်တယ်လို့ လေ့လာ တွေ့ရှိခဲ့ကြပါတယ်။
 

 အတိုချုံ့ ဆိုရရင် တကယ်လို့ သင်က စက်ဘီးစီးနင်းကြဘို့ တိုက်တွန်းမယ်ဆိုရင် နောက်ထပ်လူတွေ စက်ဘိးစီးလာကြမယ်။ လူတွေများများ စက်ဘီးစီးလာကြရင် လမ်းပေါ်က ကားတွေလည်း လျော့ကုန်မှာပါ။

အမေရိကန်တစ်လွှား မြို့ကြီးများရဲ့ လူနေမှု အဆင့်အတန်း တိုးတက်လာဘို့ အားစိုက်လှုပ်ရှားနေတဲ့ အမေရိကား စမတ်ကျကျ တိုးတက်စေရေး ဆိုတဲ့ နိုင်ငံလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ၀က်ဘ်ဆိုဒ်မှာ ဒီလို ရေးထားပါတယ်။

“လမ်းတွေကို ကားများအတွက်သာ သီးသန့် ဒီဇိုင်းလုပ်ထားခြင်းသည်
လမ်းလျှောက်ခြင်း၊
စက်ဘီးစီးခြင်းနဲ့
လူထုသယ်ယူပို့ဆောင်ရေးယာဉ်များကို အသုံးပြုခြင်း
စတဲ့ ပိုမို ဘေးအန္တရာယ် ကင်းရှင်းသော နည်းလမ်းများဖြင့် ခရီးသွားလာခြင်းကို
ရွေးချယ်စရာ အခွင့်အလမ်းများကို ဆုံးရှုံးစေပါသည်”……တဲ့။

လူတွေကို သူတို့ ကားတွေထဲက ထွက်လာစေဘို့ ယေဘုယျ သုံးကြတဲ့ နည်းလမ်းတစ်ခုက မြို့ပြ စီမံကိန်းတွေမှာ စက်ဘီးသီးသန့်လမ်းတွေ ထည့်သွင်း ရေးဆွဲခြင်းပါ။

သုတေသန ပညာရှင် Ralph Buehler နဲ့ John Pucher တို့က အမေရိကန် မြို့ပြ(၁၀၀)မှ (၉၀)အား သုတေသန တစ်ခုလုပ်ခဲ့ပြီး၊ ဒီဆန်းစစ်ချက်ကို ၂၀၁၁-ခုနှစ်မှာ ပုံနှိပ်ဖြန့်ဝေခဲ့ပါတယ်။ ဒီလေ့လာချက်အရ စက်ဘီးစီး သီးသန့်လမ်းတွေ ပိုလုပ်ပေးနိုင်တဲ့ မြို့တွေမှာ စက်ဘီးစီးနင်း ခရီးသွားလာမှု ပိုများပါတယ်။

နောက် လေ့လာချက်တွေအရ စက်ဘီးစီးလမ်း ရှိတဲ့ မြို့တွေမှာ ယာဉ်ကြောကြပ်တည်းမှု ဟာ ပိုမို နည်းပါးပြီး၊ စက်ဘီးလမ်း ဖြတ်သန်းသွားတဲ့ စီးပွားရေး ရပ်ကွက်တွေမှာ လုပ်ငန်းကိုင်ငန်းတွေ ပိုဖြစ်ထွန်းတာ တွေ့ရတယ်။

ကံအကြောင်းမလှစွာပဲ ရန်ကုန် ယာဉ်ထိန်းတပ်ဖွဲ့ နဲ့ မြို့တော် စည်ပင်သာယာရေး ကော်မီတီ တို့ဟာ ဒီအသိကို နားလည်နိုင်စွမ်း မရှိသူတွေအထဲ အပါအ၀င် ဖြစ်နေတယ်။

ရန်ကုန်မှာ စက်ဘီးစီးနင်းတာနဲ့ ပါတ်သက်ပြီး အမြဲတမ်း သူတို့မှာ ခေတ်နောက်ပြန်ဆွဲတဲ့ ချဉ်းကပ်မှု ရှိပြီး၊ အဲဒီ နည်းတွေကို ဖက်တွယ်ထားဆဲပါဘဲ။

ယာဉ်ကြောတွေ ပိုကြပ်လာလား ? ဘာလို့ ကြပ်တာလဲဟေ့၊ စက်ဘိးသမားတွေ မစီးစေနဲ့။ ကားကြပ်တဲ့ နေရာတွေမှာ လူတွေကို မော်တော်ကားတွေကိုပဲ စီးဘို့ ဦးတည်ချက်ထား ဆောင်ရွက်ကြ။
သူတို့ပြောတဲ့ အဲဒီကားကြပ်တဲ့ နေရာတွေဟာ ပိုပြိးတိတိကျကျ ဆိုရရင် ယာဉ်ကြောပိတ်ဆို့မှု အဆိုးဆုံးနေရာတွေပေါ့။

၂၀၀၃-ခုနှစ် ဇူလိုင်(၅)ရက်နေ့မှာ ရန်ကုန် ယာဉ်ထိန်းတပ်ဖွဲ့ကနေ အဓိက လမ်းမကြီးများပေါ်တွင် စက်ဘီး စီးနင်းခြင်း မပြုရ လို့ စည်းကမ်းထုတ်ပြန်လိုက်ပါတယ်။ အဲဒီလမ်းတွေကတော့ ပြည်လမ်း၊ ကမ္ဘာအေး ဘုရားလမ်း၊ ဦးဝိစာရလမ်း၊ တက္ကသိုလ်ရိပ်သာလမ်း နဲ့ ကန်တော်ကြီး ပါတ်လမ်းတို့ပါ။

ယုတ္တိဗေဒသဘောအရ စဉ်းစားလျှင် မြို့လည်ခေါင် ရပ်ကွက်တွေဟာ ယာဉ်တွေကို ပိုမို ကန့်သတ်ပြီး၊ လူတွေကို မော်တော်ယာဉ် အသုံးပြုမှု လျှော့ချဘို့ ဦးတည်လုပ်ဆောင်ရမယ့် နေရာတွေပါ။ ဒီ့အစား ယာဉ်ကြော ပိတ်ဆို့ ကြပ်တောက်နေတဲ့ နေရာတွေမှာ စက်ဘီးစီးခြင်းကို တားမြစ်လိုက်ပါတယ်။

ဒီဧရိယာဟာ မြောက်ဘက်မှာ ဗိုလ်ချုပ်အောင်ဆန်းလမ်း အစအဆုံး၊ တောင်ဘက်မှာ ကုန်သည်လမ်း၊ အနောက်ဘက်မှာ ဘုန်းကြိးလမ်း နဲ့ အရှေ့ဘက်မှာ ဗိုလ်အောင်ကျော်လမ်း တို့ဖြင့် ဘောင်ကွပ်ထားသော ဧရိယာပါ။

ဥပဒေ ရှေနောက် မညီတာ တစ်ခုက မြို့ထဲသို့ ဦးတည်လမ်းတွေမှာ ၂၄-နာရီလုံး စက်ဘီးစီးနင်းခြင်းကို တားမြစ်ထားပြီး၊ အဲဒီ မြို့လည်မှာတော့ ဒီဥပဒေဟာ မနက်(၅)နာရီကနေ ည(၁၁)နာရီအတွင်းသာ သက်ရောက်ပါတယ်။

ရန်ကုန်မှာ ယာဉ်ကြောပိတ်ဆို့မှု တစ်နေ့တစ်ခြား ဆိုးလာပေမယ့် ဒီအတွေးအခေါ်ကတော့ မပြောင်းလဲပဲ တည်ရှိဆဲပါဘဲ။ နည်းနည်းလေးတောင် မပြောင်းပါဘူး။

ဒီလ စောစောပိုင်းမှာ ရန်ကုန် မြို့တော် ပြောရေးဆိုခွင့် ရှိသူတစ်ဥိးက မြန်မာတိုင်း(မ်) ဂျာနယ်ကို အခုလို ရှင်းပြပါတယ်။

“ရန်ကုန်ဟာ မန္တလေး လို စက်ဘီးမြို့တော် မဟုတ်တဲ့အတွက် စက်ဘီးစီးသူတွေကို ခွင့်ပြုဘို့ ဘာအစီအစဉ်မျှ မရှိပါဘူး”

သူပြောတဲ့ ပြောင်မြောက်တဲ့ အတွေးအခေါ်ကို ကျနော်တို့ အခြားနယ်ပါယ်တစ်ခုမှာ သွားသုံးကြည့်ရအောင်။

လူနာ : ဆရာ…ကျနော့် ကင်ဆာကျိတ်ကို ခွဲစိပ်ဘို့ ဘာတွေ စီစဉ်ထားပါသလဲ …ဆရာ

ဆရာဝန် : ခင်ဗျားက ကင်ဆာ ဖြစ်နေပြီးသားလူလေ...။ ခင်ဗျား ကင်ဆာ အကျိတ်လုံးကို ခွဲစိပ်ဘို့ ကျနော် ဘာမျှ စီစဉ်စရာ မလိုပါဘူး။

လူနာ : ဗျာ…..!!!! ….

ရန်ကုန် ယာဉ်ကြာကြပ်တည်းမှု ကပ်ဆိုးကို စက်ဘီးဖြင့် ဖြတ်သန်းခြင်း (၂)

ရန်ကုန်က ယာဉ်ကြောကြပ်တည်းမှု ပြဿနာ
---------------------------------------------
ရန်ကုန် ယာဉ်ကြာကြပ်တည်းမှု ကပ်ဆိုးကို စက်ဘီးဖြင့် ဖြတ်သန်းခြင်း (၂)
--------------------------------------------------------------------------
By Douglas Long

အခြား YCDC အရာရှိ တစ်ဥိးဖြစ်တဲ့ လမ်းတံတား အင်ဂျင်နီယာ ဌာနက လက်ထောက် ညွှန်ကြားရေးမှူး ဖြစ်တဲ့ ဦးမျိုးမင်းက အနည်းဆုံး နောက်(၃)နှစ်အထိ ရန်ကုန် ယာဉ်ကြော စီမံမှုတွေထဲမှာ စက်ဘီးစီးနင်းသူတွေအတွက် အစီအစဉ် မရှိပါဘူးလို့ ဆိုပါတယ်။

“ကျနော်တို့ မြို့တော် လမ်းတွေကို အခုထက် ပိုတိုးတက်လာအောင် လုပ်နေပါတယ်။ ဒါပေမယ့် စက်ဘိးတွေအတွက် သီးသန့်လမ်းတွေ ပါမယ်ဆိုတာတော့ မသေချာဘူး”

အခုလောလောဆယ်တော့ ကျနော်တို့လို ရန်ကုန်မှာ စက်ဘီးစီးသူတွေဟာ လက်ရှိ အခြေအနေမှာဘဲ ဆက်သွားနေရမှာပါပဲ။ တစ်ပါတ်ကို (၇)နာရီ၊ (၈)နာရီလောက် ရန်ကုန်တစ်ခွင် စက်ဘိးစီးရင်း နဲ့ ကျနော် အချိန်ကုန်ဆုံးပါတယ်။ ကျနော်က အင်းစိန်မှာ နေပြီး၊ အလုပ်က မြို့လည်မှာပါ။ ကျနော် ခရီးစဉ်ဟာ ၂၁-ကီလိုမီတာ(၁၃-မိုင်) ရှိပါတယ်။ တစ်ပါတ်(၅)ရက် ကျနော် စက်ဘီးနဲ့ ရုံးတက်ပါတယ်။ ဒီခရိးစဉ်အတွက် ကျနော် (၄၅)မိနစ်ကနေ(၅၀)မိနစ်လောက် အချိန်ယူရပါတယ်။ ဒါပေမယ့် ဒီခရိးစဉ်ကိုဘဲ Taxi စိးရင် ဒီထက် (၂)ဆ ပိုကြာပါတယ်။ အထူးသဖြင့် ရုံးတက်ချိန် မနက်ခင်းတွေမှာပေါ့။

ဗမာပြည်ကို မရွှေ့လာခင်တုန်းက ကျနော် လော့စ်အိန်ဂျလီးစ်မှာ (၁၀)နှစ် နေခဲ့ပါတယ်။ နယူးယောက်မှာ (၃)နှစ် မနေခင်ပေါ့။ နှစ်မြို့စလုံးမှာ ကျနော် နေ့တိုင်းလိုလို စက်ဘီးစီးပါတယ်။ ဒီ(၁၃)နှစ်လုံးလုံး ကျနော် ကြုံခဲ့ရတဲ့ လက်မတင် အန္တရာယ်ကြုံရမှု စုစုပေါင်းက ရန်ကုန်မှာ တစ်ပါတ်အချိန်ကါလအတွင်း ကြုံရတဲ့ ခပ်ဆိုးဆိုး ယာဉ်မောင်းတွေရဲ့ စံချိန်ကို မမှီသေးပါဘူး။

ရန်ကုန်မှာ စက်ဘီးပေါ် တက်ထိုင်မိတဲ့ ဘယ်သူမဆို ယာဉ်သွားလမ်းကို နားမလည်တဲ့၊ သို့မဟုတ် ကြိုတင် အချက်မပြဘဲ ရုတ်ချည်းယာဉ်ကြောပြောင်းတဲ့၊ ကွေ့ချလိုက်တဲ့ ၊ သို့မဟုတ် လမ်းပြောင်းပြန်မောင်းတာကို ဂုဏ်ယူနေတဲ့ ရူးနှမ်းတဲ့ ယာဉ်မောင်းတွေနဲ့ ကြုံရပါလိမ့်မည်။ အဆိုးဆုံးကတော့ ဘတ်(စ)ကား ယာဉ်မောင်းတွေပါဘဲ။ သူတို့အဘို့ နောက်မှတ်တိုင်မရောက်မီ အခြား ယာဉ်မောင်းကို ကျော်တက်လိုက်ဘို့က အသက်ထက်တောင်မှ ပိုအရေးကြီးပါတယ်။

နောက် ယာဉ်မောင်းတွေ သိထားသင့်တဲ့အချက်က - အကယ်၍ မြို့တွင်းလမ်းများတွင် ခြေလျင်လျှောက်သူတစ်ဦးသည် ရှေ့ကိုက် (၁၀၀)တွင် လမ်းဖြတ်ကူးနေပြီး၊ အခြားတစ်ဘက်သို့ ရောက်ရန် (၄)ပုံ (၃)ပုံ ခရီးရောက်ပြီး ဖြစ်ပါက၊ ထိုသူအား မိမိယာဉ် လာနေကြောင်း ဟွန်းတီး အသိပေးရန်မလိုပါ။ သင်ထိုနေရာသို့ ရောက်ရှိချိန်တွင် အဆိုပါ လမ်းဖြတ်ကူးသူသည် သူခရီးသို့ ရောက်ရှိပြိး ဖြစ်ပြီး၊ သင်၏ လမ်းကြောင်းပေါ်တွင် ရှိတော့မည် မဟုတ်ပါ။

သေချာစွာ ချိန်ထိုးတွက်ဆပြီး ဟွန်းကို အသုံးပြုနိုင်ပါသည်။ သို့သော် လမ်းပေါ်က ရူးနှမ်းနေသည့် ယာဉ်မောင်းများသည် အရိပ်မြင်တိုင်းသာ ဟွန်းတီးနေပါက ဟွန်းသည် အဆင့်လျှောကါ မြို့ပြ ဆူညံမှုများ၏ နောက်ခံအသံ တစ်ခုသာ ဖြစ်သွားပြီး၊ မည်သူကိုမျှလည်း မည်သည့်ဆက်သွယ်မှုမျှ မလုပ်နိုင်တော့ပါ။

လမ်းလျှောက်သူတွေဟာလည်း နောက်ထပ် ဂရုစိုက်ရမည့် အချက်ထဲ ပါပါတယ်။ သူတို့က တစ်ခါတစ်လေဆို ကားမောင်းတဲ့ သူတွေထက်တောင် ပိုခန့်မှန်းရ ခက်ပါတယ်။ ကျနော် ကြုံခဲ့ဘူးတဲ့ လူတစ်ချို့ဟာ ပလက်ဖောင်းပေါ် ရပ်ပြီး၊ ကျနော်စက်ဘီးစိးလာတာကို စောင့်ကြည့်နေတာ တစ်ဖြည်း ဖြည်း နီးလာတဲ့အထိပါဘဲ။ ကျနော့်စက်ဘီးနဲ့ (၂)ကိုက်အလိုလောက် ကွာတော့မှ သူတို့က ဒီအချိန်ဟာ ပလက်ဖောင်းပေါ်ကဆင်း ကျနော့်စက်ဘီးရှေ့ကနေ လမ်းစကူးဘို့ မှန်ကန်တဲ့ အချိန်ဘဲလို့ ဆုံးဖြတ်လိုက်ပါလေရော။

ရှေ့လှမ်းလိုက်၊ နောက်ဆုတ်လိုက်၊ ပြိးရှေ့ပြန်တိုး၊ တစ်ခါရပ်နေလိုက်၊ နောက်ပြန်ဆုတ်၊ ပြီး ရှေ့ ပြန်တိုးနဲ့ သူတို့ ဘာလုပ်မယ်ဆိုတာ ခင်ဗျား ဘယ်လိုမှ မတွေးဆနိုင်တော့တဲ့ ရှဥ့်လူသားတွေလည်း ရှိတတ်သေးတယ်။

အခြား ကြုံလေ့ရှိတာ တစ်ခုက ကားတွေ လာနေတဲ့အရပ် နဲ့ ဆန့်ကျင်ဘက်ကို သေသေချာချာ စူးစိုက်ကြည့်ရင်း လမ်းကူးကြတဲ့ သူတွေပါ။ သူတို့ရဲ့ အမူအကျင့်ကို ကျနော် ဘယ်လိုမှ ကျိုးကြောင်းဆီလျော်စွာ ရှင်းမပြတတ်ဘူး။ (သူတို့ဟာ အချိန် ယန္တရားတစ်ခုပေါ်မှာ ခရီးသွားနေကြတဲ့ အတိတ်ကါလတစ်ခုက လူတွေလား ? ဒါမှမဟုတ် ဗမာပြည်ဟာ လက်ဝဲမောင်းစံနစ် ကျင့်သုံးနေဆဲ ၁၉၆၁-ခုနှစ်လို့ ထင်နေကြတုန်းလား ?)

မျှော်လင့်မထားတွေကိုလည်း ကြုံရဘို့ ကြိုတွေးထားရတယ်။ လွန်ခဲ့တဲ့ (၂)ပါတ်လောက်က မီးနီတာကို စောင့်ရင်း ကျနော် စက်ဘီးရပ်ထားချိန် ယာဉ်ကြောကြားထဲက ဘတ်(စ)ကားကို ပြေးတက်ဘို့ ကြိုးစားတဲ့ ခရီးသည် တစ်ယောက်ဟာ ကျနော်ကို အားနဲ့ ပစ်ဆောင့်တိုက်လိုက်ပါတယ်။ ရုတ်ချည်းမို့ ကျနော့် ကိုယ် ကျနော် လွင့်မသွားအောင် ကာကွယ်ရင်း ညာဘက်က ရပ်ထားတဲ့ ကားပေါ် လက်ထောက် အားပြုလိုက်ရပါတယ်။ အဲဒီလူဟာ ကျနော့်ဆီကနေ ပြန်ကန်ထွက်သွားပြီး၊ ဆောရီးလို့ ရေရွတ်ကါ ဘယ်ကိုမှမမြင် ဘတ်(စ)ကားဆီ ဆက်ပြေးသွားပါတယ်။ အခု ဒီစာရေးနေချိန်ထိ အဲဒီဘက် ပုခုံးက နာနေတုန်း။

အခြား ခြေနင်းတံကို အသုံးပြုသူတွေကလည်း ခေါင်းကိုက်စရာပါ။ သူတို့ဟာလည်း ယာဉ်မောင်းတွေလိုဘဲ ခန့်မှန်းရ ခက်တယ်။ ဒါပေမယ့် အရှိန်က မများဘဲ သေစေလောက်တဲ့ အားလည်း မရှိပါ။

ဆိုက်ကားဆရာတွေအပါအ၀င် စက်ဘီးစီးနင်းသူတွေဟာ ယာဉ်အားလုံးထဲ အနှေးဆုံးယာဉ်တွေ ဖြစ်ပါလျက်နဲ့ မီးစိမ်းဘို့ အားလုံးစောင့်ဆိုင်းနေချိန်မှာ တန်းစီထားတဲ့ယာဉ်တန်းကိုကျော်ပြီး၊ ဘာလို့ ရှေ့ဆုံးမှာ ရောက်ချင်နေရသလဲဆိုတာ တော်တော့ကို စဉ်းစားရခက်ပါတယ်။

စက်ဘီးသီးသန့် ယာဉ်ကြောရှိတဲ့ မြို့တစ်မြို့ နဲ့ ယာဉ်ကြောအသုံးပြုသူများကို စံနစ်တကျ ထိန်းကျောင်းပေးဘို့ အရည်အချင်းပြည့်ဝသောရဲများ ခန့်ထားပေးဘို့ဆိုတာ တကယ်တမ်းတော့ ကြီးကျယ်တဲ့ ကိစ္စတစ်ခု မဟုတ်ပါ။

(ဤအက်ဆေးသည် Myanmar Times ဂျာနယ်၏ “Wheel in Motion” ဟူသော အချပ်ပို ကဏ္ဏတွင် အနည်းငယ် ကွဲပြားသော ပုံစံဖြင့် ဖော်ပြပြီးဖြစ်သည်။ မူရင်း စာရေးသူ)
===================================

Disclaimer : ဤအက်ဆေးတွင် ပါဝင်သော အကြောင်းအရာများသည် မူရင်းရေးသားသူ၏ အာဘော်သာဖြစ်ပြီး၊ Myanmar Road and Transport စာမျက်နှာ၏ သဘောထားကို အပြည့်အ၀ ထင်ဟပ်စေခြင်း မရှိပါ။

ဤဆောင်းပါးကို ဖော်ပြခြင်းသည် စက်ဘီးများအား စီးနင်းခွင့်ပြုသင့်သည်ဟု တိုက်တွန်းလိုခြင်း မဟုတ်ပါ။ ရုတ်တရက် ခွင့်ပြုလိုက်လျှင် ၀ရုန်းသုန်းကါး အခြေအနေတစ်ခုကို ရင်ဆိုင်ရနိုင်ပါသည်။

သို့သော် နောင်ဆက်လက်တိုးချဲ့မည့် မြို့ပြ အစီအစဉ်များ၊ လမ်းတည်ဆောက်မှုများတွင် စက်ဘီးစီးလမ်းများ၊ စက်ဘီးသီးသန့် ယာဉ်ကြောများကို မဖြစ်မနေ ထည့်သွင်းရန် စတင်စဉ်းစားကြသင့်ပြီဟူသော သဘောတွင် တိုက်ဆိုင်၍သာ ကြိုးစားဘာသာပြန်ကာ တင်ပြပေးခြင်း ဖြစ်ပါသည်။

ဘာသာပြန်ဆိုမှု အချို့သည် မသင့်တော်ဟု ထင်ပါက မူရင်းအက်ဆေးအား ကိုးကားသင့်ပါသည်။ ပုံနှိပ်မီဒီယာတွင် ထည့်သွင်းဖော်ပြလိုပါက မူရင်း အင်္ဂလိပ်ဘာသာဆောင်းပါးပိုင်ရှင်အား Myanmar Times ဂျာနယ်မှ တဆင့် ဆက်သွယ်ကါ တရားဝင် ခွင့်ပြုချက် ရယူသင့်ပါသည်။

Our Perspectives :
ပြည်တွင်းဖြစ် နည်းစံနစ်များသည် လက်တွေ့လေ့လာဆန်းစစ်ချက်များ မပါဘဲ အလုပ်ဖြစ်မည်ဟု မမျှော်လင့်နိုင်ပါ။

နိုင်ငံတကာ ၏ ခြေဖျားလောက်မှီရန် ခရီးစဉ်က ရှည်လျားလွန်းသည်။

လမ်းသည် အခါခပ်သိမ်း လူများနှင့် ပြည့်နေသည် မဟုတ်။ ထိုသူများ ပစ်ချထားသော စိတ်ဓါတ်အမှိုက်များကသာလျှင် ဤလမ်းကို သွားဘို့ ခက်ခဲစေခြင်း ဖြစ်သည်။

Myanmar Road and Transport
ကပ်လိုက်ခြင်း(Tailgating)

မိမိယာဉ်ထက် ပို၍ မြင့်သော SUV ကားများ၊
ကုန်တင်ယာဉ်များ၊
pickup ကားများ၊
နောက်လေကာမှန် စတေကာကြောင့် ရှေ့မြင်ကွင်းကို ခန့်မှန်းရန် ခက်ခဲသော ကားများ
-၏ နောက်မှ မောင်းနှင်ရသော အခါ အရေးကြုံပါက ရပ်တန့်ရန် လုံလောက်သော အကွာအဝေး ခြားထား၍ မောင်းနှင်ရပါမည်။

ဝန်အပြည့် တင်ထားသော မော်တော်ယာဉ်များသည် မိမိရှေ့မှ ကားအား ကပ်မလိုက်သင့်ပါ။

ဝန်အပြည့်နှင့် ဘရိတ်ဖမ်းချိန်တွင် ရပ်တန့်ရန် လိုအပ်သော အကွာအဝေးသည် သာမာန်ဝန်မပါသော အချိန်တွင် မောင်းနှင်သည်ထက် ပိုသော အကွာအဝေး လိုအပ်သည်။