Search This Blog

ယာဉ်ကြောထိန်းသိမ်းမှု အချက်ပြစံနစ် (သို့) မီးပွိုင့်

ယာဉ်ကြောပိတ်ဆို့မှုကို ရှင်းလင်းပေးရန်နှင့် ယာဉ်တိုက်မှုများမှ ကာကွယ်ရန် ယာဉ်ကြောထိန်းသိမ်းမှု အချက်ပြစံနစ်များကို လမ်းဆုံလမ်းခွနေရာများတွင် တပ်ဆင်ထားပါသည်။ အကယ်၍ လမ်းဆုံတွင် ယာဉ်ထိန်းရဲကလမ်းပြနေခြင်းမရှိပါက ယာဉ်မောင်းသူများ၊ လမ်းသွားလမ်းလာများနှင့် အနှေးယာဉ်စီးနင်းသူများသည် ဖော်ပြပါ အချက်ပြမီးစံနစ်များကို လိုက်နာကြရသည်။

RED (အနီရောင်အချက်ပြမီး)

  မီးနီအချက်ပြချိန်တွင် မီးပွိုင့်လူကူးသည့်နေရာ(တနည်းအားဖြင့်- လမ်းဆုံဧရိယာနယ်နိမိတ်၏အစပ်) ရပ်မျဉ်းအဖြူ မရောက်ခင်ရပ်တန့်ရမည်။
အကယ်၍ ညာဘက်အစွန်ဆုံးယာဉ်ကြောတွင် free way ဟုခေါ်သော တောက်လျှောက်သွားနိုင်သော ယာဉ်ကြောပေးထားပါက ထိုယာဉ်ကြောအတိုင်းဖြည်းဖြည်းမောင်းသွားနိုင်ပါသည်။ လမ်းဆုံ( ရပ်မျဉ်းအဖြူနှင့်တတန်းတည်းသို့)သို့ရောက်ရှိချိန်တွင် လမ်းဖြတ်ကူးသူရှိပါက ရပ်တန့်ပေးနိုင်စေရန် အသင့် ပြင်ဆင်ထားရမည်။ ထို့နောက် ဘယ်ဖက်လမ်းမကြီးမှ လာသော ယာဉ်များအားအန္တရာယ်မဖြစ်စေနိုင်ပါက မီးနီနေသော်လည်း ညာဖက်သို့ ကွေ့နိုင်ပါသည်။
ကွေ့ပြီးနောက်တွင် လမ်းမကြီး၏ ပင်မယာဉ်ကြောအတွင်း ချက်ချင်းမောင်းမ၀င်ရပါ။ မျဉ်းသေပေးထားသော ညာအစွန်ယာဉ်ကြောအတွင်း ပင်မယာဉ်ကြောမှ ယာဉ်များ၏သွားနှုန်းနှင့် မိမိယာဉ်၏သွားနှုန်း ကိုက်ညီစေရန် ထိန်းပြိးမှ ပင်မယာဉ်ကြောအတွင်းလိုက်ပါမောင်းဝင်ရပါမည်။ 
    အချို့သော ယာဉ်သွားယာဉ်လာနည်းသည့် လမ်းသွယ်များမှ လမ်းမကြိးသို့ဆုံသည့်နေရာများတွင်မူ earth ဖမ်း၍ အချက်ပြမီးအား စိမ်းစေပါသည်။ ထိုသို့သော လမ်းများတွင် ယာဉ်၏ရှေ့ဘီးသည် ထို earth contact zone အတွင်းကျရောက်စေရန် ယာဉ်၏ရှေ့အစွန်းအား ရပ်မျဉ်း၏ တည့်တည့်တွင်နေရာချ ရပ်တန့်တတ်ရန်လိုပါသည်။
    ယာဉ်သွားယာဉ်လာ အတော်အသင့်ရှိသော လမ်းသွယ်သည် ယာဉ်သွားယာဉ်လာ နည်းသော(သို့) ပုံမှန်ရှိသောလမ်းမနှင့် T ပုံသဏ္ဏာန်လမ်းဆုံဖြင့် ဆက်သွယ်နေပါက ညာအစွန်ယာဉ်ကြောနှင့် တည့်တည့် လမ်းမတစ်ဖက်ခြမ်းတွင် မီးနီချိန်ညာကွေ့ RIGHT TURN ON RED ဆိုင်းဘုတ်အား အပြာရောင်အောက်ခံတွင် အဖြူရောင်စာသားနှင့် အဖြူရောင်ဘောင်ခတ်၍ စိုက်ထူထားပါက အထက်စာပိုဒ်ပါ FREE WAY နှင့် အတန်ငယ်ဆင်တူပြိး လမ်းမကြီးအတိုင်း ဗယ်ဖက်မှလာသော ယာဉ်ကြောကိုကြည့်၍ ညာကွေ့ထွက်နိုင်ပါသည်။



YELLOW ( အ၀ါရောင်အချက်ပြမီး )

ရပ်နိုင်လျှင်ရပ်ပါ။ မီးပွိုင့်အချက်ပြမီးသည် မကြာခင်နီတော့မည်ဖြစ်သည်။ မီးဝါကြာချိန်မှ မီးနီကို ယာဉ်ကြောအနေအထားပေါ်မူတည်၍ အမျိုးမျိုးသတ်မှတ်ကြသည်။ ပုံမှန်မှာ (၃)စက္ကန့်ဖြစ်သည်။ ဗယ်ကွေ့ ယာဉ်ကြောအတွက် သီးသန့် Left Green Arrow မရှိသည့်နေရာတွင် မီးဝါကို ၁၀ စက္ကန့်မှ ၂၀စက္ကန့်ထိ ၀ါပေးထားသည်။ ထိုအခါမျိုးတွင် တည့်တည့်သွားမည့်ကားသည် မီးဝါပင်ဖြစ်သော်လည်း ရပ်မျဉ်းကိုကျော်လွန်၍ ဆက်လက်မောင်းနှင်ခွင့်မရှိပါ။
GREEN ( အစိမ်းရောင်အချက်ပြမီး )

Go - သွားနိုင်သည်ဟူသောအမှတ်အသားဖြစ်သည်။ သို့သော် မိမိရှေ့ရှိ လမ်းဖြတ်ဆုံသည် လမ်းကြောင်းရှင်းမှဖြစ်သည်။ အရှိန်ဖြင့် ဖြတ်ခြင်းမျိုးမပြုလုပ်ရပါ။ အကယ်၍ ကန့်လန့်ဖြတ်ယာဉ်ကြောမှ ကွေ့လက်စကားရှိနေလျှင် ဦးစားပေးရန် လိုပါသည်။ ထို့နည်းတူ မီးနီနေစဉ်က လမ်းဖြတ်ကူးလာသူများရှိပါကလည်း ထိုသူများအားရပ်စောင့်ပေးရန်လိုပါသည်။ ကန့်လန့်ဖြတ်ယာဉ်ကြောမှ မီးပွိုင့်ကို ကြည့်ပြီး ထိုယာဉ်ကြောနီသည်နှင့် ထွက်ခြင်းကို ရှောင်ကြဉ်ပါ။ မိမိနှင့် သက်ဆိုင်သောမီးစိမ်းမှသာ ထွက်ပါ။ အဘယ်ကြောင့်ဆိုသော် အချို့မီးပွိုင့်များသည် တစ်ဖက် မီးနီချိန် နှင့် အခြားတစ်ဖက်မီးစိမ်းချိန်ကြားတွင် (၃) စက္ကန့်ခန့် delay time ရှိသည်။ အကယ်၍ သင်သည်ဗယ်ဖက်သို့ကွေ့လိုပါက မျက်နှာချင်းဆိုင်မှလာသော ယာဉ်ကြောရှင်းသည်အထိ စောင့်ရန်လိုအပ်ပါသည်။

ကွေ့ကြောအချက်ပြမီး
ယာဉ်သွားယာဉ်လာများသော လမ်းဆုံမီးပွိုင့်များတွင် ကွေ့ကြောအတွက် နီ၊၀ါ၊စိမ်း မျှားပါသော သီးသန့်မီးပွိုင့်ကို တပ်ဆင်ထားလေ့ရှိပါသည်။
-ကွေ့ကြောမီးနီချိန်တွင် တည့်ကြောမီးစိမ်းနေပါသည်။ အဓိပ္ပါယ်မှာ- တည့်တည့်ဆက်သွားမည့်ယာဉ်များ သွားနိုင်သည်။ ကွေ့ကြောတွင်နေရာယူထားသော ကားများဗယ်မကွေ့ရ။ ကွေ့ကြောရပ်မျဉ်းမရောက်ခင်တွင် ရပ်တန့်ထားရမည်။
-ကွေ့ကြောမီးဝါချိန်တွင် တည့်ကြောမီး (သို့မဟုတ်) ကန့်လန့်ဖြတ်ယာဉ်ကြောသည် နီနေပါမည်။ အဓိပ္ပါယ်မှာ - ရပ်နိုင်လျှင်ရပ်ပါ။ ကွေ့ကြောမီးနီတော့မည်။ မျက်နှာချင်းဆိုင်မှ တည့်တည့်လာမည့် ယာဉ်ကြော (သို့မဟုတ်) ကန့်လန့်ဖြတ်ယာဉ်ကြောသည် စိမ်းရန်အသင့်ဖြစ်နေပါပြီ။
-ကွေ့ကြောမီးစိမ်းချိန်တွင် သင်နေရာယူထားသည့် ဗယ်ဘက်သို့ ကွေ့နိုင်သည်။ သို့သော် မျက်နှာချင်းယာဉ်ကြော မီးစိမ်းချိန်ကထွက်လာလက်စဖြစ်သော ကားများရှင်းမှကွေ့ရန်ဖြစ်သည်။

RED ARROW ( ကွေ့ကြောမီးနီ )

YELLOW ARROW ( ကွေ့ကြောမီးဝါ )

GREEN ARROW ( ကွေ့ကြောမီးစိမ်း )


ဘရာဇီးတောင်ပိုင်းက မြို့တစ်မြို့ဟာ လွန်ခဲ့တဲ့ နှစ်(၃၀)အတွင်း ကမ္ဘာ့မြို့တွေထဲ ထိပ်တန်းမြို့ တစ်မြို့ ဖြစ်လာကြောင်း  ကြားကြားချင်းတော့ ယုံမိမှာမဟုတ်ဘူး။

မကြာသေးမီက ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ လူဦးရေ (၃)သန်းသာ ရှိတဲ့ ဒီမြို့လေးမှာ နေထိုင်ကြသူတွေ ရဲ့ ၉၉-ရာခိုင်နှုန်းက ဒီမြို့ဟာ သူတို့အတွက်တော့ သုခ မြို့တော်ပါဘဲလို့ ဆိုကြသတဲ့။ သူတို့ စကားသံတွေကို နားထောင်ကြည့်ရအောင်။

ပန်းခြံတစ်ခု ရဲ့ ခုံတန်းရှည်မှာ ဆွယ်တာထိုးနေတဲ့ မိန်းမငယ်က "'ဒီမြို့ဟာ ကျမတို့အတွက် နေထိုင်မှု စတိုင်တစ်ခုကို ပေးပါတယ်" လို့ပြောတယ်။ ဆက်ပြီးသူမက "ဒီနေရာဟာ အေးချမ်းတယ်။ အဲဒါက ဒီမြို့မှာ ကျမအကြိုက်ဆုံး ခံစားမှုပါ"..တဲ့။ လမ်းလျှောက်ထွက်လာတဲ့ သက်ကြီးရွယ်အိုစုံတွဲ မှ အဘွားဖြစ်သူက "'ဒီမှာ ရှိတဲ့ အရာတိုင်းက စိတ်ချမ်းသာစရာ ချည်းဘဲ။ အဘွား ဒီမြို့လေးကို တကယ့်ကို မြတ်နိုးတယ်"လူငယ် စုံတွဲကို မေးကြည့်တော့ "အသက်ရှင်နေသမျှတော့ ဒီ မြီု့သူဖြစ်ပြိးရင် တစ်သက်လုံး ဒီမြို့သူဘဲ ဖြစ်သွားမှာဘဲ" လို့ ကောင်မလေးက ရယ်ရင်း ပြောပါတယ်။ သူ့အဖော် ကောင်လေးက " ဒီမြို့ကို ကျနော် တစ်သက်လုံး မခွဲခွာဘူး" လို့ ထပ်လောင်းဖြည့်စွက်ပါတယ်။ သူ့မျက်လုံးတွေ ကြည့်ရတာ ဒီမြို့ကနေ တစ်ခြားပြောင်းသွားရမှာကို စိုးရိမ်နေပုံပါဘဲ။ကုရ်ချီဘာ မြို့ဟာ ဖွံ့ဖြိုးဆဲ တိုင်းပြည်တစ်ခုက မြို့တစ်မြို့ပါ။ ဒါပေမယ့် ဒီမြို့မှာ ဖွံ့ဖြိုးပြီးတိုင်းပြည်တွေက မြို့ပြတွေနဲ့မခြား လူနေမှုအဆင့်အတန်းကောင်းကောင်း ရှိတယ်။ သာယာတဲ့ ပါတ်ဝန်းကျင် ကို ဖန်တီးပေးထားတယ်။  ဒါတွေက လူတစ်ယောက်ရဲ့ ရိုးစင်းတဲ့ စိတ်ကူးစိတ်သန်းတစ်ခုက စတင်ခဲ့တာပါ။ အဲဒါက လူထု ဦးစားပေး ၊ ကားက ဒုတိယ ဆိုတာပါဘဲ။ဂျေမီလာနာ က စိတ်ကူးကောင်းတဲ့ မြို့ပြစီမံကိန်းပညာရှင် ဗိသုကာ ပညာရှင် တစ်ဦးပါ။ 1970-အစောပိုင်းနှစ်တွေမှာ သူ မြို့တော်ဝန်ဖြစ်လာတော့ ကြပ်တည်းလာတဲ့ ယာဉ်ကြောအတွက် လမ်းတွေကိုချဲ့ဘို့ အဆောက်အအုံအချို့ကို ဖြိုချမယ့် အစီအစဉ်နဲ့ ရင်ဆိုင်ရပါတယ်။ လာနာက "မတူတော့ မတူဘူးပေါ့။ ဒါပေမယ့် ဥပမာပြရရင် ကျွန်တော့ ယောက္ခမလိုပေါ့။ ကျနော့် ယောက္ခမတွေ နဲ့ ကျနော်တို့ မိသားစုဟာ ဆက်ဆံရေးကောင်းမွန်သင့်ပါတယ်။ ဒါပေမယ့် ယောက္ခမက ကျနော့် မိသားစုဘ၀ကို ဘယ်လိုနေ၊ ဘယ်လိုထိုင် ဆိုပြီး ပဲ့ကိုင်လာမယ်ဆိုရင်တော့ ဒါဟာ နည်းလမ်းမကျတော့ဘူး။"

လာနာက လမ်းချဲ့မယ့်အစီအစဉ် နဲ့ ပြောင်းပြန် ဆုံးဖြတ်ချက် ချပါတယ်။ သူက လမ်းကို လှအောင် ပြန်ခင်းလိုက်တယ်။ အဲဒီလမ်းကို ယာဉ်တွေ ၀င်ခွင့်မပေးတော့ဘူး။ လမ်းလယ်ခေါင်မှာ သစ်ပင်တွေ တန်းစီစိုက်။ မောရင် ထိုင်ဘို့ ခုံတန်းတွေလည်း လုပ်ထားပေးတယ်။  ဘယ်နေလိမ့်မလဲ။ အားလုံး ၀ိုင်းကန့်ကွက်ကြတာပေါ့။ အခုတော့ အဲဒီကန့်ကွက်တဲ့သူတွေ က ဒီလမ်း ကို ဘာနဲ့ မှ မလဲနိုင်ပါဘူးတဲ့။ အဲဒီလမ်းတွေဟာ ဘရာဇီးမှာတော့ ပထမဆုံး လူလမ်းလျှောက်ဘို့ သီးသန့်ဖန်တီးလိုက်တဲ့ လမ်းတွေပါဘဲ။ လူဝါဒါ ဖလောရက်ဇ် (သို့) Street of Flowers ဟာ မြို့တစ်လျှောက် (၁၅)ဘလောက်စာ ရှည်ပါတယ်။

"မြို့ပြတစ်ခုဆိုတာ မိသားစု အမှတ်တရ ပုံလေးလိုပါဘဲ။ ဘယ်လောက်ဘဲ ဟောင်းဟောင်း၊ သင်ဘယ်တော့မှ ဖျက်ဆီးလိမ့်မှာ မဟုတ်ဘူး။ တကယ်လို့ အဲဒီပုံထဲက ခင်ဗျား အန်ကယ် ဒါမှမဟုတ် တစ်ခြား အမျိုးတစ်ယောက်ယောက်ကို ပုဂ္ဂိုလ်ရေးအရ မနှစ်သက်ရင်တောင်မှ ခင်ဗျား ထိန်းသိမ်းထားမှာပါဘဲ။ အဲဒီပုံလေးက ခင်ဗျားကိုယ်တိုင်ရဲ့ ကြေးမုံပြင် ဘဲလေ။ အဲဒီပုံမှာ ခင်ဗျားတို့ မိသားစုရဲ့ ချစ်ခင်မှု၊ စိတ်ဓါတ်၊ အစဉ်အလာတွေက ကိန်းအောင်းနေတယ်" လို့ လာနာက ဆိုပါတယ်။၁၉၇၁-မှာ မြို့တော်ဝန် နဲ့ ပြည်နယ် ၀န်ရှင်တော်မင်းကြီး အဖြစ် ခန့်အပ် ခံရပြီးတော့ ၂၀၀၂-ခုနှစ်အထိ သူ ဒီဒေသအတွက် တာဝန်ထမ်းဆောင်ခဲ့တယ်။ အခုတော့ သူက ဒီမြို့မှာ ဂန္ဓ၀င် ဖြစ်ခဲ့ပြီလေ။ မြို့က လမ်းမတွေ တစ်လျှောက် သူလမ်းလျှောက်ထွက်တဲ့အခါ လူတွေက သူ့ကို နှုတ်ဆက်ကြတယ်။ 
"ခင်ဗျား ပထမဆုံးအကြိမ် ရွေးကောက်ခံရကတည်းက ကျုပ်က ခင်ဗျား ရဲ့ အမာခံလေ"
"လာနာ... ခင်ဗျား ဒီနှစ် ၀င်အရွေးခံဦးမှာလား" "No..! ကျနော် နိုင်ငံရေးလောကထဲက ထွက်လိုက်ပါပြီ"လာနာ ဟာ သူ့အိပ်မက်တွေကို ဒီမြို့လေး နဲ့ အကောင်အထည်ဖော်ခဲ့ပြီး၊ ၂၀၀၂-ခုနှစ်မှာ အငြိမ်းစား ယူသွားပါပြီ။ သူဟာ လူကောင်ကြိးသလို အိပ်မက်လည်းကြီးသူပါဘဲ။ ဒီအိပ်မက်က သူ့ကို ဖီလော်ဆော်ဖာ တစ်ယောက် နဲ့ နိုင်ငံရေးသမားတစ်ယောက် အဖြစ် ပီပြင်စေခဲ့ပါတယ်။ "လူ့အဖွဲ့အစည်းတစ်ခု ရဲ့ အနာဂါတ်အတွက် အရေးကြိးတဲ့ အချက်(၃)ချက် ရှိတယ်။ တစ် သွားရေးလာရေး လွယ်ကူမှု။ ဒုတိယက ရေရှည်တည်တံ့နိုင်စွမ်း နဲ့ တတိယက ကိုယ်ပိုင်အရည်အသွေးပါ။ မြို့တိုင်းမြို့တိုင်းဟာ ဒီ(၃)ချက် ကို အလေးထားကြရင် ပိုမိုကောင်းမွန်တဲ့ လူသားဘ၀ကို မျှော်လင့်စရာရှိမယ်။ ၁၉၇၀-မှာ ကူရ်ချီဘာမြို့ ရဲ့ လူဦးရေဟာ ၁-သန်းကျော်သွားပြီး၊ မြို့က လမ်းတွေဟာ ကားတွေ နဲ့ ပြည့်ကြပ်လာတယ်။ လာနာ က Transport engineer တစ်ယောက်မဟုတ်ပေမယ့် လူထုသယ်ယူပို့ဆောင်ရေး နဲ့ ပါတ်သက်လို့ ဘယ်လိုဖြေရှင်းရမလဲ ဆိုတာ နားလည်သူပါ။ နောက် ဘတ်ဂျတ်ချို့တဲ့တဲ့ ဒီမြို့မှာ  အလုပ်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ သူသိတယ်။ "ကူရီတစ်ဘာမြို့ ရဲ့ လျှို့ဝှက်ချက်က ဘာလဲလို့ မေးရင် တစ်ခုက စိတ်ပိုင်းဖြတ်မှုပါ။ ရိုးစင်းတဲ့ အိုင်ဒီယာကို အခြေပြုပြီး သံဓိဌာန် ချရပါမယ်။ ကျနော်တို့ ရိုးစင်းမှုကို မကြောက်ခဲ့ဘူး။ သိတဲ့အတိုင်း မြို့က ဖွဲ့စည်းပုံ သိပ်မရှုပ်ဘူး။ ရှုပ်တယ်ဆိုရင်တော့ တစ်မျိုးပေါ့.."

ဒါဟာ ကုရ်ချီဘာ သယ်ယူပို့ဆောင်ရေး စံနစ် ရဲ့အစပါ။ လာနာက ပင်မလမ်းကြောင်းတွေ သတ်မှတ်လိုက်တယ်။ လမ်းကြောင်းတစ်ခုမှာ ယာဉ်ကြော(၃)ခုရှိတယ်။ တစ်ခုက မြို့ထဲအ၀င် ၊ နောက်တစ်ခုက မြို့ထဲက အထွက်၊ အလယ်မှာ သီးသန့်ကာရံထားတဲ့ (၂)ဘက်သွား ဘတ်(စ)ကားလမ်း ထားလိုက်တယ်။ လူတွေ မြို့ထဲကို ခရီးသွားဘို့ပေါ့။ 


"ကျနော်တို့ စတော့ တစ်ရက်ကို ခရီးသည် နှစ်သောင်းခွဲ။ အခုတော့ တစ်ရက်ကို ခရီးသည်(၂)သန်းကျော်ကို ၀န်ဆောင်မှု ပေးနေပြီ။"


လာနာက (၃)စီးတွဲယာဉ် တွေကို မိတ်ဆက်ပေးခဲ့ပြီး၊ ခရီးသည် ပိုတင်နိုင်ပါတယ်။ "ဒီရိုးစင်းတဲ့ စံနစ်ကနေ ကျနော်တို့ မြေအောက်ရထားထက်တောင် ပိုများတဲ့ ခရီးသည် ပမာဏကို ကိုင်တွယ်နိုင်ပါတယ်.။ ကုန်ကျစရိတ်ကတော့ မြေအောက်ရထားလမ်းဆောက်တာထက် အဆ(၁၀၀)၊ (၂၀၀)လောက် ပိုသက်သာတာပေါ့ဗျာ။ ဒီစံနစ်ကို တည်ဆောက်ဘို့ ကျနော်တို့ အချိန်ယူခဲ့တာ ၂-နှစ်တောင် မကြာဘူး"
သူဖန်တီးမယ့် ဘတ်(စ)ကားအကြောင်းစဉ်းစားနေရင်း တစ်ရက်မှာ လာနာက ဒီဘတ်(စ)ကားတွေမှာ လူဆင်းချိန်တက်ချိန်က အတော် အချိန်ယူတာကို သတိထားမိသွားတယ်။ ဒီတော့ ဘတ်(စ)ကားပေါ်ရောက်မှ လက်မှတ်ဖြတ်ရတဲ့ စံနစ်အစား ဘတ်(စ)ကားဂိတ်မှာကတည်းက လက်မှတ်ကြိုဖြတ်တဲ့ စံနစ်ကို စဉ်းစားမိပါတယ်။ ဒါနဲ့ မှန်ခုံးတွေနဲ့ တန်ဆာဆင်ထားတဲ့   တိုင်ကီလှဲထားတဲ့ပုံ ဘတ်(စ)ကားဂိတ် ဒီဇိုင်းကို သူရေးဆွဲခဲ့ပါတယ်။ သူက အဲဒီ ဒီဇိုင်းလေးဟာ သူ့အိပ်မက်လေးတစ်ခုလို့ ဆိုပါတယ်။ အခုဆိုရင် ရုံးဆင်းရုံးတက်ချိန် တွေမှာ (၆၆)စက္ကန့်တိုင်းမှာ ဘတ်စ်ကားတစ်စီး နှုန်းနဲ့ပြေးဆွဲနိုင်နေပါပြီ။ Boarding Tube ( လူတင်တဲ့ ပြွန်လေး) တွေကနေပေါ့။ ဘတ်(စ)ကားတိုင်းကလည်း လူအပြည့်ပါဘဲ။


နောက်ထပ် ကူရ်ချီဘာမြို့ ရဲ့ သိသာထင်ရှားတာက မြို့အ၀ှန်း ဖြန့်ကျက်ထားတဲ့ ပန်းခြံကွန်ရက်ပါ။ 


"ပန်းခြံတစ်ခုချင်းဆီက သီးခြားစီ ဆိုတာ ဟုတ်ပါတယ်။ အရေးကြီးတာက သူတို့ကို တစ်ခု နဲ့ တစ်ခု ချိတ်ထားဘို့ပါ။" မစ္စတာ နာကာမူရာ ကို သူရှင်းပြနေတာပါ။ လွန်ခဲ့တဲ့ (၃၅) နှစ်က ပန်းဥယျာဉ်တွေ ရဲ့ ဒါရိုက်တာ အဖြစ် ငှားရမ်းခဲ့ပါတယ်။ နောက်ပိုင်းမှာ နာကာမူရာ ဟာ ဒီတိုင်းပြည် သဘာဝပါတ်ဝန်းကျင်ဆိုင်ရာ အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်လာခဲ့ပါတယ်။ သူတို့ဟာ  ကြီးမားလှတဲ့ ပန်းဥယျာဉ်ကွန်ရက် ကြီးကို မြို့အနှံ့ အတူတကွ ဖန်တီးခဲ့ကြတယ်။

ဝဲဘက်မှ ရေလျှင် (၃)ဦးမြောက်မှာ ဂျေမီလာနာ ဖြစ်ပြီး၊ ယာဘက်မှ (၃)ဦးမြောက်မှာ မစ္စတာ နာကာမူရာဖြစ်သည်
ဝဲဘက်မှ ရေလျှင် (၃)ဦးမြောက်မှာ ဂျေမီလာနာ ဖြစ်ပြီး၊ ယာဘက်မှ (၃)ဦးမြောက်မှာ မစ္စတာ နာကာမူရာဖြစ်သည်

နဂိုက ပစ်ထားတဲ့ နေရာတွေကို ပန်းခြံအဖြစ် ဖန်တီးခဲ့ကြတာပါ။ တစ်ချို့နေရာက ရေဆိုးတွေ နဲ့ ပြည့်နေတဲ့ ရေအိုင်ကြိးတွေ၊ တစ်ချို့ကတော့ အမှိုက်ပုံ နေရာတွေပေါ့။ ဒီပန်းခြံတွေထဲက တစ်ခုအကြောင်း ပြောရရင် ဒီတစ်ခုဟာ မြို့အတွက် အနားယူစရာ နိဗ္ဗာန်ဘုံတွေ အနေနဲ့တင်မကဘူး။ အနားပါတ်ဝန်းကျင်မြေဈေးကို လည်း မြင့်တက်စေခဲ့တယ်။ ဒီကူရ်ချီဘာ မြို့က အခြားဟာတွေ နဲ့ မတူတာက ဒီပန်းခြံဟာ ရည်ရွယ်ချက် တစ်ခုထက်မက ရှိပါတယ်။ ၁၉၇၀-ခုနှစ်တွေတုန်းက ဒီနေရာဟာ အမြဲ့ရေဖုံးနေတဲ့ နေရာပါ။ ပထမတော့ ဒီနေရာကို စီးဝင်တဲ့ ချောင်းကိုပိတ် ၊ကွန်ကရိတူးမြောင်းတစ်ခုအနေနဲ့ လမ်းလွှဲပေးဘို့ပါ။ 

"'ဒီလို လုပ်တာမျိုးကို ကမ္ဘာတစ်ဝှန်း လုပ်ခဲ့ကြပြီးပြီ၊ စရိတ်လည်း အရမ်းကုန်တယ်။ ဒီလို ၁၀၀-စတုရန်းမီတာလောက်ရှိတဲ့ နေရာကို ကွန်ကရိလုပ်ငန်း ဆောင်ရွက်မယ်ဆိုရင် ကျောင်းတစ်ကျောင်းဆောက်တဲ့ ကုန်ကျစံရိတ်လောက် ကျပါမယ်။" နာကာမူရာက ပြောတယ်။ အဲဒီတော့ ကွန်ကရိ နံရံကာပြီး ရေဖုံးတာကို ရှောင်လွှဲမယ့်အစား ချောင်းကို စီးမြဲအတိုင်းစီးစေ။ ချောင်းဘေးတစ်လျှောက်မှာ ပန်းခြံလုပ်လိုက်ပါတယ်။ တိုးချဲ့ပြီးတဲ့ ပန်းခြံအကျယ်အ၀န်းဟာ စတုရန်းမီတာ ၁.၅-သန်း ကျယ်ပါတယ်။ "အားလုံး သဘာဝအတိုင်းဘဲ။ လူက ဘာမှ ပြုပြင်ထားတာမရှိဘူး။ ဒီထဲက ငါးတွေကိုကြည့်၊ ဇီဝဗေဒ ရှုထောင့်ကကြည့်လည်း ဂေဟစံနစ် အတိုင်းဘဲ ရှိနေတယ်။ ငါးပေါတဲ့ ဒီချောင်းဘေး ပန်းခြံတစ်လျှောက် ငန်းတွေက အစာရှာလို့ နေပါတယ်။ 


အခုတော့ ကုရ်ချီဘာ မြို့ဟာ မြို့ပြတစ်ခုမှာ ရှိသင့်တဲ့ စိမ်းလန်းဧရိယာ သတ်မှတ်ချက်ထက် (၄)ဆပိုတဲ့ ပါတ်ဝန်းကျင်ရှိတယ်။ နာကာမူရာက အင်မတန်ရိုးစင်းတဲ့ အစီအစဉ်တစ်ခုကို ထပ်ပေါင်းပါတယ်။ ဒီပန်းခြံတွင်း မြက်ခင်းပြင် ကို မှန်မှန်ရိတ်ဘို့ သိုးတွေကို လွှတ်ကျောင်းပါတယ်။ သိုးတွေက မြက်ကိုစားရင်း မြက်တွေ မရှည်နိုင်တော့ဘူးပေါ့။

"မြက်ခင်းကို သန့်ရှင်းအောင် ထိန်းသိမ်းဘို့ နဲ့ မှန်မှန်ရိတ်ဘို့ သိုးတွေ သုံးရတာက အခြား စက်တွေ သုံးတာထက် စာရင် ကုန်ကျစရိတ် အများကြီးသက်သာပါတယ်။" လို့ လာဒါလီနာက ရှင်းပြပါတယ်။ ၁၉၈၉-မှာ သူ့ကို မြက်တွေရိတ်ဘို့ ငှားရမ်းခဲ့ပြီး၊ အခုတော့ မြက်ရိတ်ရမယ့် အစား မြို့တော်သိုးထိန်းသမား ဖြစ်လို့လာပါတယ်။ "'ဒီအလုပ်ကို ကျနော် တော့ ကြိုက်တယ်။ အခု သိုးတွေ နဲ့လည်း နေသားကျလာပြီ"

ပန်းခြံတွေ၊ သိုးတွေက ဒီမြို့ရဲ့ အဓိက ဖြေရှင်းရမယ့် ပြဿနာတွေနဲ့ အဝေးကြီးမှာဘဲ ရှိသေးတယ်။ တစ်ခြား မြို့ပြတွေလိုဘဲ ဒီမြို့မှာ အခြေအနေမဲ့တွေ နေထိုင်တဲ့ ကျူးကျော်ရပ်ကွက်တွေ ရှိတယ်။ 

"ကျူးကျော်ရပ်ကွက်တွေ နဲ့ ပါတ်သက်ပြီး၊ အခြားမြို့ပြတွေ နဲ့ မတူတာတစ်ခုတော့ လုပ်နိုင်ရမယ် လို့ ကျနော်တွေးမိတယ်။ သူတို့ကို ကျနော်တို့ လူရာသွင်းရမယ်။ လေးစားမှု ပြရမယ်။ မြို့ပြတစ်ခု ဖန်တီးရာမှာ သူတို့အတွက်လည်း ကျနော်တို့ စဉ်းစားရမယ်။ တစ်ခုတည်းဖြစ်တည်ခြင်း ဆိုတာကို စဉ်းစားတဲ့အခါ ကျနော်တို့က အတွေးသစ်တွေကို ဖန်တီးဘို့ မဟုတ်ဘူး။ ကျနော်တို့ ကိုယ် ကျနော်တို့ မြို့နေလူတန်းစားတွေရဲ့ နေ့စဉ်ဘ၀ထဲကို ၀င်ခံစားကြည့်ဘို့ဘဲ ဖြစ်တယ်။"

ဒါကြောင့် ဆင်းရဲတဲ့ မြို့ပြနေ လူတန်းသားအတွက် လာနာက "ပူးတွဲတာဝန်ယူမှု တည်ဆောက်ခြင်း"ဆိုတဲ့ အစီအစဉ်တစ်ခုကို လုပ်ပါတယ်။ သူက အဲဒီရပ်ကွက်တွေမှာ နေထိုင်သူတွေကို ကိုယ့်ပါတ်ဝန်းကျင် ကိုယ့်တာဝန်ယူပြီး သန့်ရှင်းရေးလုပ်ကြဘို့ ဆော်သြပါတယ်။ အပြန်အလှန်အနေနဲ့ ပြည်နယ်အစိုးရက အဲဒီအမှိုက်လာပစ်သူတွေကို ဟင်းချက်စရာတွေ၊ ဟင်းသီးဟင်းရွက်တွေ၊  ပြန်လည်ပေးအပ်စေပါတယ်။

ဒီလို မိသားစုတွေထဲက တစ်ဦးဖြစ်တဲ့ အန်ဒရီယာတို့ အတွက် ဒါက ဘ၀ရပ်တည်ရာ လမ်းကြောင်းတစ်ခု ဖြစ်လာပါတယ်။ သူတို့က ပြန်လည်သန့်စင် သုံးစွဲနိုင်တဲ့ ပစ္စည်းတွေကို ကောက်ပြီး အမှိုက်ကားလာရင် သွားရောင်းပါတယ်။ 

"ကျမတို့ ဒီလိုအမှိုက်မျိုး ၅-ကီလိုပေးရင် သူတို့က ဟင်းသီးဟင်းရွက် တစ်ကီလို ပြန်ပေးတယ်လေ။ ကျမတို့အတွက် လုံလောက်တဲ့ အာဟာရ ရတယ်။ တစ်ခါတစ်လေ ဟင်းချက်စရာ တစ်ခုခု မရှိရင် အတော်ဘဲ၊ သစ်သီးတွေလည်း ပါတယ်လေ။ သူတို့က သစ်သီးတွေလည်း ပြန်ပေးသေးတယ်" လို့ သူမက ပြောတယ်။ 

ဒါပေမယ့်လည်း ဒီကျူးကျော်ရပ်ကွက်တွေက လူတွေ ရဲ့ ဘ၀ကို ထိထိရောက်ရောက် မြှင့်တင်ဘို့ ခက်ခဲနေတုန်းပါဘဲ။ အမြဲ ဗွက်တွေအိုင်နေတဲ့ ဒီရပ်ကွက်မှာ ခနော်နီခနော်နဲ့ တဲတွေ အကုန်လုံးက ကျူးကျော်တွေချည့်ဘဲ။ သူတို့မှာ တစ်ခြား သွားစရာ အိမ် (ဒါမှမဟုတ်) ကိုယ်ပိုင်မြေနေရာမှ မရှိတာ။

"ကျမတို့အဘို့တော့ ဒီမှာ ရေမြုပ်တာ ခဏ ခဏ ကြုံရတယ်။ ကျမတို့ ဒီမှာ ဘယ်လို ရင်ဆိုင်ရတယ်ဆိုတာ ဘယ်သူမှ သိမှာလည်း မဟုတ်သလို စိတ်လည်း ၀င်စားကြမှာ မဟုတ်ဘူး။ ရှင် ဒီနေရာမှာ လာနေကြည့်စမ်းပါ။ ဘယ်လိုမှ နေလိှု့ ဖြစ်မှာ မဟုတ်ဘူး" လို့ လူမမည် သမီးတစ်ယောက် မွေးထားတဲ့ လူမည်း အမျိုးသမီး ရိုဇီကလဲ က ပြောတယ်။

မကြာပါဘူး။ ဒီညွန်တောကို ပြန်ပြင်ဘို့ အစိုးရက ဒီနေရာမှာ ရှိတဲ့ အဆောက်အအုံ မှန်သမျှ ဖြိုဘို့ လုပ်ပါတယ်။ လက်ရှိနေထိုင်သူတွေကို အခြားယာယီရပ်ကွက်တစ်ခုမှာ နေရာချထားပေးပါတယ်။ အဲဒီယာယီရပ်ကွက်တွေမှာ လမ်းရှိတယ်။ မီးရှိတယ်။ အချိန်ပြည့်လွှတ်ပေးနေတဲ့ ရေလိုင်းလည်း ရှိတယ်။

"ဟန်ကျတာဘဲနော်။ အဲဒီနေရာသစ်မှာ နေရာကလည်း လှတယ်ပြောတယ်။ ပြီးတော့ အထပ် နဲ့ နေရမှာတဲ့.." ရိုဇီကလဲ ရဲ့ စိတ်လှုပ်ရှားမှု နဲ့ ပြောတဲ့စကားပါ။ "ကျောင်းလည်း ရှိတယ်။ ဈေးလည်း ရှိတယ်။ တော်တော် အဆင်ပြေမှာ"

ဆန်ဘာကလင်း က ရိုဇီတို့ တစ်တွေ နောက်ပြန်နေရမယ့် နေရာပါ။ သူမကို သက်သာသော အတိုးနှုန်း နဲ့ အိမ်ကို အပေါင်ပြန်ထားပြီး၊ ချေးငွေထုတ်ပေးပါတယ်။ ဒီအသစ်ဆောက်ပေးတဲ့ အိမ်တွေမှာ အိမ်တစ်လုံးမှာ ရှိသင့်တာတွေ အကုန်ပါနိုင်အောင်လို့ ကြိုးစားထားတယ်။ မြို့က ဗိသုကာတွေက အခမဲ့ ပုံထုတ်ပေးတာပါ။ နေထိုင်မယ့်သူတွေကို သင်တန်းပေးပြီး၊ ဒီရပ်ကွက် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းခွင်မှာ အလုပ်ပြန်ပေးပါတယ်။

နိုင်ငံရေးသမားကနေ အနားယူပြီးနောက် ဂျေမီဟာ အငြိမ်းစားဘ၀ နဲ့ မွေ့လျော်နေပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဗိသုကာ စိတ်ကူးစိတ်သန်းတွေကိုတော့ မစွန့်လွှတ်သေးပါဘူး။ ဖွံ့ဖြိုးပြီးတိုင်းပြည်တွေက မြို့ပြများစွာအတွက် ရေရှည်တည့်တံ့နိုင်တဲ့ ဖွံ့ဖြိုးမှုရှိဘို့ သူဟာ အကြံပေး ပညာရှင်အဖြစ် ဆက်လက်ဆောင်ရွက်နေပါတယ်။ 

"ကျနော့်အမြင်အရတော့ မြိဲ့ပြတွေမှာ အနာဂါတ်အလားအလာတွေ ရှိနေပါသေးတယ်။ လူတွေက ပြောင်းလဲဘို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်ကြတယ်။ တကယ်လို့ သူတို့မှာ မြို့ပြဆိုင်ရာ ယေဘူယျအမြင်ဆိုတာ မရှိရင်တောင်မှ မြို့ပြနေ အလွှာအသီးသီးအတွက် အမြင်ဆိုတာမျိုး ထားသင့်တယ်။ ဒါကြောင့် လူတွေ အတွက် ပိုကောင်းတဲ့ ဘ၀တွေ ရဘို့ဆိုရင် မြို့တွေကို ပိုလို့နေချင်စဘွယ်ဖြစ်အောင် လုပ်ရမှာပါ။" လို့ သူက ဆိုပါတယ်။ 

Thar Lay
Aug 04, 2013
0623 hr

Translated the video clip in my version.
Video contributed by Mdy Boy
အထင်ကရ လမ်းမကြိးအချို့မှာ ကားတွေ ပိတ်ရခြင်းအကြောင်းတစ်ခုက မြို့ပြဆိုင်ရာ ဆောက်လုပ်ရေး ဥပဒေတွေရဲ့ အားနည်းချက်လည်း ပါပါသည်။

ဥပမာ ပြရရင် ပန်းဆိုးတန်း မှာ ကားပိတ်ရခြင်း အကြောင်းရင်းတစ်ခုက အသစ်ဆောက်လုပ်ပြီး နဲ့ ဆောက်လုပ်ဆဲ အဆောက်အအုံတွေမှာ ကားပါကင် လုံလောက်စွာ မပါရှိခြင်းက အဓိက ကျပါသည်။

အဆောက်အအုံ တစ်ခု ဆောက်လုပ်တဲ့အခါ အဆောက်အအုံ အမျိုးအစားနဲ့ ပါဝင်သည့်အခန်းအမျိုးအစားအလိုက် လုံလောက်စွာ ထားရှိပေးရမည့် ကားပါကင် အမျိုးအစားနဲ့ အရေအတွက်ကို သတ်မှတ်ပေးထားရပါသည်။

ထို့အပြင် ထိုအဆောက်အဦးသို့ လာရောက်ကြမည့် ဧည့်သည်များအတွက်ပါ ထည့်သွင်းစဉ်းစားရပါသည်။

ဆိုကြပါစို့- ဒီအဆောက်အဦးထဲမှာ ကုန်တိုက်တစ်ခု ပါမည် ဆိုပါစို့။ အဆိုပါ ကုန်တိုက်မှာ ပါဝင်မည့် ဆိုင်အမျိုးအစား၊ ဈေးဝယ်လာသူများကိုလည်း ပါကင်တွက်ချက်မှုမှာ ထည့်သွင်းတွက်ချက်ပါသည်။

အဆောက်အဦးကို လာသူများအတွက် ကားပါကင် မလုံလောက်သောအခါ လမ်းဘေး ကားပါကင်မှာ ရပ်သည်။ ကားပါကင်နေရာရှာရင်း လမ်းပေါ်မှာ ရပ်သည်။

ထိုအခါ လမ်းအား အသုံးပြုနိုင်သည့် နေရာအကျယ်( တနည်းအားဖြင့် လမ်းမှလက်ခံနိုင်သော ယာဉ်ကြောအကျယ် လျော့ကျသွားပါသည်။ )

လောလောဆယ် ပြုစုထားသော အဆောက်အအုံ ဥပဒေကြမ်း တွင် အဆိုပါ အချက်များကို ပါဝင်ရန် အင်ဂျင်နီယာကြီးများ အားထုတ်ကြပါရန် ဤ စာမျက်နှာမှ တိုက်တွန်းအပ်ပါသည်။

Thar Lay
Admin
Myanmar Road and Transport
ကျဉ်းမောင်းသော လမ်းသွယ်များထဲတွင် မကြာခဏ ဆိုသလို ဆန့်ကျင်ဘက် လားရာ (၂)ခုမှ ယာဉ်များ ခေါင်းချင်းဆိုင်ကါ ဘယ်သူမျှ အလျှော့မပေးကြသော ဖြစ်စဉ်တို့ကို တွေ့ရပါသည်။

အခန့်မသင့်လျှင် ကိုယ်ထိလက်ရောက် အခြင်းများမှုများ ဖြစ်တတ်ပါသည်။

ဖျန်ဖြေပေးမည့်သူ မရှိလျှင် တစ်ခါတစ်ရံ (၁၅)မိနစ်၊ နာရီဝက်ခန့်ထိ တောကျွဲကြီးများပမာ စောင်နေကြတော့သည်။

ယာဉ်သွားစရာလမ်းက တစ်စီးစာသာရှိသည့် နေရာမျိုးတွင်
မည်သူက လမ်းမှန်သည်၊ မည်သူက လမ်းမှားသည်ဆိုသည်က
အရေးမပါတော့ပါ။
မည်သူက လမ်းဘေးသို့ ချပေးရန် အခွင့်သာသလဲ ဆိုတာက ပိုအရေးကြီးပါသည်။

- နောက်ကြောင်း ပြန်လှည့်ဘို့ ခက်ခဲသော နေရာမှ
မော်တော်ယာဉ်ကို ဦးစားပေးပါ။

- ခေါင်းချင်းဆိုင်တော့မည်ကို သိသိချင်း အရှိန်လျှော့ပါ။

- အကယ်၍ အနီးအနားတွင် ရှောင်သာသော နေရာရှိပါက
လမ်းဘေးချရပ်ကါ စောင့်ဆိုင်းပြီး၊
ကျဉ်းသော နေရာမှ လာသူကို ဦးစားပေးပါ။

- အကယ်၍ မိမိမှာ ပိုမိုကျဉ်းမြောင်းသော နေရာမှ လာသူဖြစ်ပါက၊
တစ်ဖက်ကားကို ရပ်တန့်စောင့်ဆိုင်းဘို့ လက်ပြ အသိပေးပါ။

ကားသမားတွေ ဆိုးတယ်






သားအမိ (၂) ယောက် ရေတွင်းနား ထိုင်နေတုန်း ရွာထဲကို စစ်ကြောင်းဝင်လာတယ် လူတွေအော်ကြတယ်။

"စစ်ကြောင်းဝင်လာပြီဟေ့...ပြေးကြ...ပုန်းကြ"

အမေက သမီးကို "သမီး..သမီး...အိမ်ပေါ် မြန်မြန်တက်....သွားပုန်းနေချေ" လို့ ခိုင်းတယ်။

သမီးလည်း အိမ်ပေါ်တက် ရွာထိပ် စစ်ကြောင်း လာတဲ့ဆီ ထရံကြားက စိုးရိမ်တကြီးနဲ့ ချောင်းကြည့်နေတယ်။

ခဏနေတော့ အိမ်ပေါ်က သမီးက လှမ်းအော်တယ်။

အမေရေ...အမေရေ...
အမေပါ တက်လာပုန်းမှ ဖြစ်မယ်...စစ်သားတွေနောက်မှာ ကားသမားတွေ ပါလာတယ်...အမေရေ့...
-
-
-
(ကျနော်တို့ ကားသမားများဆို လူတွေက စစ်သားထက်တောင် ပိုကြောက်ကြတယ်.... ပျော်စေ၊ ပျက်စေ... စတာပါ....ကားသမားတွေ စိတ်မဆိုးကြေး)

ယာဉ်ထိန်းရဲမေ နဲ့ လက်ထပ်မိတဲ့ ဒုက္ခ

(ပုံတွင်ဖော်ပြထားသူမှာ သူမနှင့် စကားပြောခွင့်ရဘို့ ယာဉ်မောင်းများ တမင်ရည်ရွယ်၍ ယာဉ်စည်းကမ်း ချိုးဖောက်လေ့ ရှိကြသည်ဆိုသော တရုတ်ပြည် ရှန်ယှီးနယ် ပေါက်ကျိမြို့မှ ယာဉ်ထိန်းရဲမေ ဖြစ်ပါသည်။ သူမ၏ အမည်မှာ ....ရှုချင်....(Xiuqin)....ဟုခေါ်သည်။ )

ကျနော့်သူငယ်ချင်းက ယာဉ်ထိမ်းရဲမေတစ်ယောက်နဲ့ လက်ထပ်လိုက်တယ်။
မနေ့ညက သူ့ရဲ့ မင်္ဂလာဦးညလေ။
ဒါနဲ့ ယောက်ျားလေးချင်းဆိုတော့ အတွေ့အကြုံလေးသိချင်တာနဲ့ ဖုန်းဆက်မေးမိတယ်... ...

"ဟေ့ရောင်... မင်းရဲ့ လူပျိုဘဝ နောက်ဆုံးညလေးအကြောင်း ဖောက်သယ်ချပါအုံးကွ... ဟီ ဟိ"
"မဟီဟိနဲ့ ဟေ့ကောင်"
"ဟင်... ဘာလို့လဲ ဟ"
"ညက င့ါကို Over-speed ဆိုပြီး ဒဏ်ငွေ 5000 တပ်တယ်၊ မရပ်ရမယ့်နေရာ ရပ်လို့ ဒဏ်ငွေ 5000 တပ်တယ်၊ မဝင်ရတဲ့ လမ်း ဝင်လို့ဆိုပြီး ဒဏ်ငွေ 10000 တပ်တယ်"
"ဟင်... လွန်တာပေါ့ကွ"

... ဆိုတော့ သူက ပြောရှာတယ်... ....

"ဒဏ်ငွေက ပြသနာမရှိဘူး၊ ကျွှမ်းကျင်မှုမရှိလို့ ဆိုပြီး လိုင်စင်ကို တစ်ပတ်ပိတ်တာက ဆိုးတာ အီး ဟီး"
"ငင်..."

သန်၎ကို-ဘာသာပြန်သည်။
https://www.facebook.com/thanlayko

ရုံးဖွင့်ရက် ပန်းဆိုးတန်း




ပန်းဆိုးတန်း ရထားခုံးကျော်တံတား ရဲ့ ရုံးဖွင့်ရက် နံက် (၁၁)နာရီ အချိန် ယာဉ်ကြောအခြေအနေပါ။ မြို့ထဲဘက်သို့ ဆင်းကြမည့် ကားများသည် အောင်းဆန်းကွင်း အရှေ့ဘက်တန်း အထက် ပန်းဆိုးတန်း လမ်းမကြီးအထိ ပိတ်ဆို့နေပါသည်။

အကြောင်းရင်းကို စေ့ငုသော်

(၁) နံက် ၁၀ နာရီမှ ၁-နာရီခွဲခန့်အထိ အချိန်သည် အလံပြဘုရားလမ်း ရှိ ဒဂုံ(၁) ကျောင်းရှေ့တွင် ကားအလွန်ပိတ်သော အချိန်ဖြစ်သည်။ ဆူးလေနှင့် သိမ်ကြီးဈေးဘက်သို့ သွားကြမည့် ကားများသည် ဒဂုံ(၁) ကို ရှောင်လွှဲရန် ပန်းဆိုးတန်းမှ ဆင်းကြသည်။

(၂) ပန်းဆိုးတန်းသည် ရန်ကုန်မြို့၏ အသက်သွေးကြော လမ်းမကြီးများအထဲမှ တစ်ခုဖြစ်သည်။ ထိုလမ်းမှဖြတ်၍ ဒလနှင့် မြစ်ဝကျွန်းပေါ်ဒေသသို့ ရေလမ်းမှ ကူးသန်းနိုင်သည်။ ဆိပ်ကမ်းသာလမ်းနှင့် အခြား အဓိကကျသော ဘဏ်များ၊ အီလက်ထရောနစ်ဆိုင်ကြီးများ၊ နှင့် ကွန်ပြူတာဈေးကွက်သို့ သွားရာလမ်းဖြစ်သည်။

(၃) ပန်းဆိုးတန်း အထက်လမ်း နှင့် အလယ်လမ်းရှိ အသစ်ဆောက်လုပ်ထားသော အဆောက်အအုံများတွင် စံနစ်တကျ ကားပါကင် မလုံလောက်သလို၊ အခြားရွေးချယ်စရာ ကားပါကင်များလည်း မရှိပေ။ (ဥပမာ- အထပ်မြင့် ကားပါကင်) ထိုကြောင့် အလယ်လမ်းတွင် ကားပါကင် နေရာ မရသော ကားများသည် လမ်းပေါ်တွင် ထပ်ကါ နဂိုက ၃-လမ်းသွား ပန်းဆိုးတန်းသည် တစ်လမ်းမောင်းသာ ကျန်တော့သည်။ ထိုတစ်ကြောတည်းသာရှိသော ယာဉ်ကြောတွင် ယာဉ်ကြောကြပ်သော မဟာဗန္ဓုလလမ်းပေါ်သို့ကွေ့မည့် ယာဉ်တန်းကြောင့် ပန်းဆိုးတန်းအလယ်လမ်းမကြီးသည် ပက်ကျိနှုန်းဖြင့်သာ ယာဉ်များကို ၀န်ဆောင်မှု ပေးနိုင်တော့သည်။


အထက်ပါ အကျိုးဆက်များ၏ ရလာဒ်မှာ ပုံတွင် မြင်ရသည့် ၂-ဖာလံ ခရီးကို (၃၀)မိနစ် မောင်းရသည့် ယာဉ်ကြောပင် ဖြစ်တော့သည်။ အခြား အကြောင်း အချို့လည်း ပါဝင်နေသော်လည်း ၊ စာရှည်မည် စိုး၍ မဖော်ပြတော့ပါ။

ဂျုံးဂျုံးကျနေသော ကားအိုပျက်တစ်စီး (သို့မဟုတ်) ကျနော်တို့မြို့ပြအား အင်ဂျင် ပြန်ချသောအခါ

နောက်ခံအကြောင်း




နိုင်ငံရပ်ခြားကို နှစ်ရှည်လများသွားပြီး ပြန်လာတဲ့ မြန်မာတစ်ယောက်ဟာ လေဆိပ်ကထွက်လာရင် ခံစားရတဲ့ feeling (၂) ခုရှိပါတယ်...တစ်ခုက ငါ့မြေငါ့ရေ၊ ငါ့မိသားစုဆီ ပြန်ရောက်ပြီဆိုပြီး ကြည်နူးနှစ်သိမ့်မှုနဲ့ နောက်တစ်ခုကတော့ ကိုယ်နေခဲ့ဘူးတဲ့ တိုင်းပြည်တွေနဲ့ ယှဉ်ရင် ငါတို့ရဲ့ ရန်ကုန်ဟာ ဂျုံးဂျုံးကျနေတဲ့ ကားပျက်ကြီးတစ်စင်းလို ဖြစ်နေခဲ့ပါပေါ့လားလို့ တွေးမိရင်း ရင်နင့်မိတာပါ။
မိမိအာဏာတည်မြဲဘို့ လူတွေရဲ့ အကျင့်စရိုက်ကို ဖျက်ဆီးခံလိုက်ရပြိးတဲ့နောက် ပိုနှမြောဘို့ကောင်းတာက လူတွေရဲ့ စိတ်ဓါတ်ပါ အဖျက်ဆီးခံလိုက်ရတာပါ။
လမ်းလယ်ခေါင်မီးပွိုင့်နဲ့ မလှမ်းမကမ်းမှာ ရပ်ပြီးလူတင်နေတဲ့ ဘတ်(စ)ကားတွေ၊ ပလက်ဖောင်းသည် လမ်းလျှောက်ရန်မဟုတ်၊ ဈေးရောင်းရန်သာဖြစ်သည်လို့ခံယူထားတဲ့ လမ်းဘေးဈေးသည်တွေ၊ ကားရပ်မပေးတဲ့ လူကူးမျဉ်းကြားက မကူးရဲလို့ သင့်ရာကကူးရင်း အဖမ်းခံကြရတဲ့ ခရီးသွားပြည်သူတွေကြောင့် ပြင်လိုစိတ်ရှိတဲ့ အုပ်ချုပ်သူတစ်ယောက်များတက်လာခဲ့ရင်ဆိုတဲ့ မရဲတရဲမျှော်လင့်ချက်နဲ့ ကျနော် blog လေးတစ်ခုရေးဖြစ်ခဲ့ပါတယ်။
အခု post ဟာ ကျနော်Blogကို မှီငြမ်းပြိး ဖြည့်စွက်ထားတာပါ။

 ခုံးကျော်တံတားများ နှင့် လှိုဏ်ခေါင်းများ



ခေတ်မီမြို့ပြတွေမှာ တစ်နေ့တစ်ခြားထူထပ်လာတဲ့ ကားကြပ်တဲ့ပြဿနာ၊ ခရိးသွားပြဿနာတွေကို ဖြေရှင်းဘို့ ကြိုးစားကြရာမှာ ခုံးကျော်တံတားများ ၊ မြေအောက်လှိုဏ်ခေါင်းများ ဆောက်လုပ်ပြီး ဖြေရှင်းကြတာဟာလည်း နည်းလမ်းတစ်ခုဖြစ်ပါတယ်။

ဒီနည်းကိုသုံးရာမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံတော့ မတူညီကြပါဘူး။ ကိုယ့်မြို့ပြရဲ့ အခြေအနေပေါ်မူတည်လို့ ကွာခြားကြပါတယ်။

ကျနော်ဆိုလိုတာက နည်းစံနစ်မဟုတ်ပါဘူး။ မဟာဗျူဟာ ရွေးချယ်မှုပါ။ ဒီနေရာမှာ အခုတစ်လော နိုင်ငံတော်အာဏာပိုင်များက ပြောသလို စင်္ကာပူလိုဖြစ်အောင်ကြိုးစားမယ်လို့ဆိုပြီး သူနဲ့တစ်ထပ်တည်းတူအောင် အတုယူစရာမလိုပါဘူး။ "စု-တု-ပြု" ကြရမှာပါ။ သူတို့အနေအထားနဲ့ လိုက်လျောညီထွေဖြစ်အောင်လုပ်ထားတာတွေကို သွားလေ့လာ၊ အတုယူသင့်တာကို အတုယူပြီး ကိုယ့်ပုံစံကို ဗျူဟာချရမှာပါ။ လုပ်တာကနောက်၊ ဗျူဟာကအရင်ပါ။ သမ္မတကြီးက လုပ်ပေးပါပြောတိုင်းလည်းချက်ချင်းထလုပ်စရာမလိုပါဘူး။ ရေရှည်စီမံကိန်းချပြီး ဘတ်ဂျတ်ခွဲဝေကာ တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်ရမှာပါ။
ကဲ- ကျနော်တို့ အိမိနီးချင်းတိုင်းပြည်တွေက မြို့ပြတွေကို တစေ့တစ်စောင်း ကြည့်ရအောင်......

ထိုင်းနိုင်ငံ ဘန်ကောာက်
ထိုင်းတွေက ဘန်ကောက်မြို့တော်ကလမ်းတွေကို ယာဉ်ထူထပ်တဲ့နေရာတွေမှာ မဟာဗျူဟာလမ်းမကြီး နဲ့ ဗဟာဗျူဟာလမ်းငယ်ဆိုပြီး ခွဲခြားလိုက်တယ်။

ဥပမာပြရရင် ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်းတို့ဟာ လမ်းမကြီးဖြစ်ပြီး မြေနီကုန်းနဲ့ လှည်းတန်းတို့ဟာ လမ်းငယ်ပေါ့ဗျာ။ အဲဒီလမ်းမကြီးနဲ့ လမ်းငယ်ဆုံတဲ့နေရာရောက်တိုင်း လမ်းမကြီးဖက်ခြမ်းမှာ ခုံးကျော်ထားထားပေးတယ်။
super busy လမ်းတွေဆိုရင်တော့ အရေးမပါတဲ့ လမ်းသွယ်တွေနဲ့ ဆုံတဲ့နေရာတွေမှာတောင် ခုံးကျော်ဆောက်ထားပေးတယ်။


ဗန်ကောက်မြို့တော်မှ အထင်ကရ မိုးပျံတံတားတစ်ခု...
ဒါပေမယ့် မြို့လည်ခေါင်ရပ်ကွက်တွေမှာ နေ့လည်နေ့ခင်းတောင် ပက်ကျိနှုံးနဲ့ရွေ့နေတဲ့ ကားမြစ်ကြီးတွေကြောင့် ဘန်ကောက်ဟာ ကမ္ဘာပေါ်မှာ ကားအကျပ်ဆုံးမြို့တော်အဖြစ် နံမည်ဆိုးနဲ့ ကျော်ကြားတုန်းပါဘဲ။ ဒါပေမယ့် သူတို့ စိတ်ဓါတ်မကျပါဘူး။ ပုံမှာမြင်ရတဲ့အတိုင်း မိုးပျံတံတားတွေကို အင်တိုက်အားတိုက်ဖောက်လုပ်ဆဲပါဘဲ။
ဒါပေမယ့် မြို့တော်တွင်းကားနဲ့ လူဦးရေတိုးပွားလာမှုနှုန်းက ဆောက်လုပ်ပြီး ဆောက်လုပ်ဆဲ အခြေခံအဆောက်အအုံတွေပြီးစီးနှုန်းထက်ကျော်လွန်နေတုန်းပါဘဲ.........
တစ်ခါတစ်ရံမှာ တစ်ကီလိုမီတာရွေ့ဘို့ တစ်နာရီကျော်ကြာရတယ်ဆိုတဲ့ complaints တွေဟာ ကြားနေကျ သံစဉ်ဟောင်းတေးတစ်ပုဒ် ဖြစ်နေခဲ့ပါပြီ။


ပက်ကျိနှုန်းနဲ့ ရွေ့နေသော ကားမြစ်တစ်စင်း...
လမ်းတွေကို ဘေးသို့ထပ်ချဲ့ဘို့ မဖြစ်နိုင်တော့တဲ့အခါ ဒေါင်လိုက်ချဲ့လာကြပါတယ်။ ထိုင်းမှာ အသစ်ဆောက်လုပ်ပြီးနဲ့ ဆောက်လုပ်ဆဲ Expressways တွေဟာ မိုးပျံတံတားတွေဖြစ်လို့လာပါတယ်။ ဘန်ကောက်ဟာ နိုင်ငံတကာစံညွှန်းတွေအရ စင်္ကာပူပြီးလျှင် အရှေ့တောင်အာရှမှာ ဒုတိယဈေးအကြီးဆုံး Mega City ဖြစ်ပါတယ်။ လမ်းတွေကို အသစ်ဖောက်လုပ်ဘို့ လက်ရှိအိမ်ခြံမြေတွေကို ဖယ်ရှားဘို့က အလျော်အစားများလာတဲ့အခါ လမ်းတွေကို မိုးပေါ်က သွားဘို့ကလွဲပြိး အခြားကုန်ကျစံရိတ်သက်သာတဲ့ နည်းလမ်းမရှိတော့ပါဘူး။ မြေအောက်ဥမင်လမ်းတူးရတာက ပိုကုန်ကျစံရိတ်များပြီး နည်းပညာပိုမိုရှုပ်ထွေးလို့ပါ။ ဒီအတွက်ပေးဆပ်ရတဲ့ တန်ဘိုးက မြို့ရဲ့အလှအပနေရာတွေနဲ့ အဆောက်အဦးအချို့ဟာ ဒီတံတားကြီးတွေကြောင့် အနီးကပ်မြင်ကွင်းကွယ်သွားပါတယ်။

ဘန်ကောက်ဟာ ပင်လယ်ပြင်အထက် ၆.၅-ပေဘဲမြင့်ပါတယ်။ ကောလဟလအချို့က ဘန်ကောက်ဟာ နုံးမြေပေါ်မှာတည်နေပြီး တစ်နှစ်ကို (၂)လက္မ နှုန်းနဲ့ မြေကြီးထဲကျွံဝင်နေတာကြောင့် (၂၀၃၀) မှာ ပင်လယ်ရေအောက်စုံးစုံးမြုပ်သွားတော့မှာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းဘန်ကောက်ရေကြီးမှု ပြဿနာကို ရင်ဆိုင်ရတဲ့အခါ ဒီကောလဟလခန့်မှန်းချက်အပေါ်စိုးရိမ်မှုတွေ ဟာ ဒေသခံတွေကော ပြည်ပရင်းနှီးမြှုပ်နှံသူတွေအပေါ်မှာပါ ဖိစီးလို့လာခဲ့ပါတယ်။

ဒီနေရာမှာ ဖြတ်ပြီး အခုခေါင်းစဉ်နဲ့ တိုက်ရိုက်မဆိုင်သော်ငြား ကျွန်တော်တို့နဲ့ သွယ်ဝိုက်ဆက်စပ်နေသော လေကြောင်းပို့ဆောင်ရေးအပိုင်းကိုတင်ပြချင်ပါတယ်။


ဗန်ကောက်မြို့ရေကြီးစဉ် ဒွန်မောင်းလေဆိပ်အတွင်း ရေနစ်နေသော လေယာဉ်များ....


ပြီးခဲ့တဲ့နှစ်က ဘန်ကောက်မှာရှိတဲ့ အင်တာနေရှင်နယ်လေဆိပ် ဒွန်မောင်း ရေကြီးလို့ လေယာဉ်တွေ ရေနစ်ဆုံးရှုံးရတဲ့အခါ ရေကလည်းရုတ်တစ်ရက်မကျတဲ့အခါ ဘန်ကောက်က လေကြောင်းပို့ဆောင်ရေး ကုမ္ပဏီအချို့ဟာ ရန်ကုန်လေဆိပ်နားတစ်ဝိုက်ကမြေတွေကို လာရောက်ငှားရမ်းကြပါတယ်။ ဒါဟာ ဘာကိုပြသလဲဆိုတော့ ဘန်ကောက် bottle neck ဖြစ်တဲ့အခါ ရင်းနှီးမြှုပ်နှံသူတွေက ရန်ကုန်ကို စဉ်းစားတယ်ဆိုတာ သွားတွေ့ပါတယ်။ ကဲဗျာ မိုးမပြိုဘူး ပြိုခဲ့မယ်ဆိုရင်ကောဗျာ။

ဆိုကြပါစို့- ဘန်ကောက်မြို့ကြီး ပင်လယ်ရေအောက်ရောက်ခဲ့မယ် ဆိုရင်ကောဗျာ ။ ရင်းနှီးမြှုပ်နှံသူတွေ ရွှေ့မယ့်နေရာကို ရန်ကုန်ဖြစ်စေမလား ။ ဒါမှမဟုတ် ဖနွမ်းပင်အဖြစ်ခံမလား ကျနော်တို့ ရွေးရပါမယ်။

 နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပြဆိုတဲ့ အညွှန်းကိန်းတွေဟာ လမ်းတံတားနဲ့ ပို့ဆောင်ရေးကဏ္ဏမပါလို့မပြီးပါဘူး။ ကျွန်တော်တို့ရဲ့ရန်ကုန်ဟာ ပထမတန်းစားရန်ကုန်ဖြစ်လာဘို့ ကျနော်တို့မှာ ဘတ်ဂျက်လိုတယ်။ စေတနာမှန်တဲ့ အတွေ့အကြုံရင့်ကျက်တဲ့ပညာရှင်တွေလိုတယ်။ အလိုအပ်ဆုံးက စံနစ်တစ်ကျ စီမံခန့်ခွဲတတ်တဲ့ ခေါင်းဆောင်လိုတယ်။

စင်္ကာပူက အာဏာရှင် လီမိသားစုက အရှေ့တောင်အာရှ လေကြောင်းပို့ဆောင်ရေးကဏ္ဏမှာ ထိပ်ဆုံးကပြေးနေတဲ့ ဟောင်ကောင်နဲ့ ဘန်ကောက်ရဲ့ ဝေစုကိုခွဲယူဘို့ စံနစ်တစ်ကျ စီမံပါတယ်။

2010 Annual report အရ ချန်ဂီဟာ ၂၀၀၉ ခုနှစ်ကထက် ၁၃% တိုးပြီးခရီးသည် ၄၂သန်းကို ၀န်ဆောင်မှု ပေးကာ ကမ္ဘာပေါ်က ခရီးသွားအများဆုံးဝင်ထွက်တဲ့စာရင်းမှာ အဆင့် ၁၈ချိတ်ပါတယ်။ ဘန်ကောက်က ၄၃သန်းနဲ့ အဆင့်(၁၇)ပါ။

ကျနော်တို့ ရန်ကုန်လေဆိပ်ဟာ ခရီးသည် ၄.၂သန်း မပြောနဲ့ ၊ ၄သိန်း၂သောင်းကို ၀န်ဆောင်မှုပေးတာတောင် မနိုင်နင်းသေးပါဘူး။ အဆ(၁၀၀) ကွာဟနေတဲ့ ပမာဏပါ။ ရန်ကုန်လေဆိပ်ဟာ ထပ်ချဲ့ဘို့ မြေနေရာ အကန့်အသတ်ရှိပါတယ်။ ဒါကျနော့်အမြင်ပါ။

အခုလေယာဉ်ရုံတွေလုပ်ထားတဲ့ ပြည်လမ်းတစ်ဖက်ခြမ်းအထိ ချဲ့မယ်ဆိုရင်တော့ ပြည်လမ်းကို တစ်ခြားကို ကွင်းရှောင်ပြိး ပြန်ဖောက်ပေးရပါမယ်။ ပဲခူးအထိဆိုရင်တော့ နည်းနည်းဝေးသလားလို့ဗျာ။ လေဆိပ်က ရန်ကုန်မြို့ထဲအရောက်(၂)နာရိမောင်းဘို့ဆိုတာ ဘယ်မှာမှ မကြားဘူးပါဘူး။

စင်္ကာပူ

စင်္ကာပူမြို့တော်၏ မာရီနာ ပင်လယ်အော် နှင့် Marina Bay Sand Hotel and Casino
စင်္ကာပူ နိုင်ငံမှာတော့ မြို့ထဲလမ်းတွေမှာ ခုံးကျော်တံတားဆောက်လုပ်တာရှားပါတယ်။ ဒီအစား မြို့နယ်တွေဘေးကပတ်ဖောက်ထားတဲ့ အမြန်လမ်းတွေကို ဦးစားပေးပြီး ဖောက်လုပ်ပါတယ်။

အဲဒီအမြန်မောင်းလမ်းတွေဟာ ရပ်ကွက်ကြီး (သို့) မြို့နယ်ထဲဆင်းတဲ့အခါ Exit ဆိုတဲ့ လမ်းမြောင်တွေကနေ ဆင်းသွားပြီး သက်ဆိုင်ရာမြို့နယ်တွေထဲရောက်သွားပါတယ်။ Exit တိုင်းမှာ ခုံးကျော်တံတားရှိတယ်။

မြို့လယ်ခေါင်နေရာတွေမှာတော့ အမြန်မောင်းလမ်းဟာ လှိုဏ်ခေါင်းထဲရောက်သွားပါတယ်။ ရည်ရွယ်ချက်က မြို့လည်ခေါင် စီးပွားရေးရပ်ကွက်တွေက ကိုလိုနီခေတ်အဆောက်အဦးတွေရဲ့ အလှအပ နဲ့ ကုန်တိုက်ကြီးတွေ ၊ စီးပွားရေးဆိုင်ရာ အဆောက်အဦးတွေကို မကွယ်အောင်လို့ပါ။


စင်္ကာပူ တောင်နှင့်မြောက်ကိုဆက်သွယ်ပေးထားသော Kalang-Payar Lebar Expressway (KPE) Tunnel
မြို့နယ်တွင်းက လမ်းတွေကတော့ ပုံမှန်မီးပွိုင့်ထားတဲ့ လမ်းဆုံတွေဘဲ ရှိပါတယ်။ ဒါတောင် မိုးရွာတဲ့အခါ နဲ့ အလုပ်သွားအလုပ်ပြန်အချိန်တွေမှာ အမြန်လမ်းမကြီးတွေပေါ်မှာတောင် တစ်ရွေ့ရွေ့ဘဲ သွားနိုင်ပါတယ်။

ယနေ့ ကျွန်တော်တို့ရွှေမြန်မာတွေ အားကျအထင်ကြီးတဲ့ စင်္ကာပူမှာတောင် သေသေချာချာမတွက်ချက်ဘဲ လောလော၊လောလောလုပ်လို့ အဓိက စီးပွားရေးရပ်ကွက်ဖြစ်တဲ့ Orchard Road ပေါ်မှာ ရေကြီးတာ (၂)နှစ်ရှိပါပြီ။ ကျွန်တော်မှတ်မိသလောက် Downtown Line မြေအောက်ရထားလမ်းအတွက် Kallang တူးမြောင်းပေါ်မှာ လုပ်ငန်းစကတည်းကပါ။ အခုတော့ Orchard လမ်းမကြီးကို မြှင့်၊ တူးမြောင်းအသစ်တွေပြန်တူးနဲ့ ကုစားနေရပါတယ်။


နံမည်ကျော် Orchard လမ်းမကြီး မိုးသည်းထန်ရွာရွာသွန်းမှုကြောင့် ရေကြီးနေစဉ်


ထို့နည်းတူ တရုတ်တန်းမှာ ဆောက်ပြီးတာ တစ်နှစ်လောက်ဘဲရှိသေးတဲ့ Flyover တစ်ခုပြန်ဖျက်ချလိုက်ရပါတယ်။ အသစ်ဆောက်မယ့် မြေအောက်ရထားလိုင်းလုပ်ငန်းခွင်နဲ့ မလွတ်လို့ပါ။

ထို့နည်းတူ နစ်ကိုလ်းဟိုင်းဝေး မတော်တစ်ဆမှုဟာလည်း စင်္ကာပူနိုင်ငံရဲ့ နည်းပညာ နဲ့ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းမှု ရာဇ၀င်မှာ သိသာထင်ရှားတဲ့ အမည်းစက်တစ်ခုပါဘဲ။ ဂျပန်ကုမ္ပဏီဆိုပြီး အထင်တစ်ကြီး လျှော့တွက်ခဲ့မိတဲ့အမှားပါ။

လမ်းအမည်ပေးစံနစ်မှာလည်း ကျနော်တို့ရှေးမြန်မာတွေရဲ့ မြို့တော်မန္တလေးရဲ့ ခြေဖျားတောင်မမှီသေးပါဘူး။
ထို့အတူ သီးသန့်စက်ဘီးစိးစရာလမ်း ရှားပါးမှု၊ လမ်းအောက်မှာ cable မြှုပ်တဲ့ စံနစ်တွေဟာလည်း sustainable city ဖြစ်လာဘို့ အဟန့်အတားတွေပါ။

စင်္ကာပူဆိုတိုင်းလည်း အထင်မကြီးကြပါနဲ့....သူတို့မှာလည်း အားနည်းချက်ဆိုတာရှိပါတယ်။ ပုံတူကူးတယ်ဆိုတာ ရိုးစင်းလွန်းပါတယ်။ ကိုယ့်အနေအထားနဲ့ ကိုက်ညီအောင် စံထုတ်ကြဘို့ပါ။

ကိုယ့်အနေအထားနဲ့ တူအောင် စံထုတ်ပြီး မြောက်ဥက္ကလာ ကျောက်ရေတွင်း ခုံးတံတားလို နှစ်တွေ အကြာကြီးဆောက်ပြီးမှ ပုံပျက်ပန်းပျက်ပြီးသွားတဲ့ ခုံးတံတားတွေ အသစ်ထပ်ထွက်လာမှာလည်း စိုးရသေးတယ်။

စင်္ကာပူ highway လမ်းတွေ နဲ့ မြို့နယ်လမ်းမကြီးတွေ standard ထားတဲ့ ယာဉ်ကြောပမာဏက (၃)လမ်းမောင်း စံနစ်ပါ။ အခုတော့ ဒီစံနစ်ဟာ ခေတ်မမှီတော့ပါဘူး။ Accident တစ်ခုဖြစ်တာနဲ့ လမ်းတွေဟာဆို့ကျပ်ပြီး ကားတွေကျောက်ချရတော့တာပါဘဲ။ accident ကလည်းမိုးလေးနည်းနည်းသည်းတဲ့အချိန် ၊ အလုပ်သွားအလုပ်ပြန်ချိန်ဆိုရင် အမြဲဖြစ်နေကျပါ။


မနက်ခင်းအလုပ်သွားချိန် မြင်ကွင်းတစ်ခု

ရန်ကုန်
ပြီးခဲ့တဲ့လပိုင်းအတွင်း နိုင်ငံတော်အာဏာပိုင် ထိပ်ပိုင်းမှ ပုဂ္ဂိုလ်များက ရန်ကုန်မြို့ကြိးကို စင်္ကာပူလိုဖြစ်အောင်လုပ်မယ် ဆိုတဲ့ လေသံပစ်လာတော့ ကျနော် အံ့အားသင့်မိတယ်.......အပြောလွယ်လိုက်ကြတာလို့.....တံတား(၅)စင်းလောက်ဆောက်ရုံနဲ့ အခုလိုကြွေးကျော်ရလောက်အောင် သူတို့ဘယ်လောက်များလေ့လာပြိးပြီလဲလို့....
ရန်ကုန်ကို စင်္ကာပူရဲ့ခြေဖျားကိုမှီဘို့ ဆိုတာ နေပြည်တော်ဆောက်တာထက် (၁၀)ဆပိုခက်ပါတယ်။

အရေးအကြီးဆုံးက ဘတ်ဂျတ်ပါ။ မြို့တော်တည်ဆောက်ရေးအတွက်လိုအပ်တဲ့ဘတ်ဂျတ်ကို ပြည့်မှီအောင်ရှာဖွေနိုင်ဘို့ အခွန်ထမ်းဆောင်ရန် တာဝန်ရှိသူတိုင်းကို တိတိကျကျ အခွန်ဆောင်ခိုင်းဘို့က စရမှာပါ......မြန်မာနိုင်ငံမှာ အချမ်းသာဆုံးဆိုတဲ့လုပ်ငန်းရှင်တွေဟာ ရန်ကုန်အခြေချနေထိုင်သူတွေပါ....ဘယ်အဖွဲ့အစည်းက အဲဒီ ပုဂ္ဂိုလ်တွေကို အခွန်စည်းကြပ်မှာလည်း..? လက်ရှိအစိုးရအဖွဲ့အစည်းတွေဘဲဆိုရင်တော့ မေ့လိုက်ပါတော့...

နောက်တစ်ခုက ရေတိုရေရှည်စီမံကိန်းတွေနဲ့ မြို့ပြPlanကို ရေးဆွဲမယ့်သူတွေ...စည်ပင်နဲ့ အိုးအိမ်အဖွဲ့အစည်းက ဆွဲမှာလား ? ဒါဆိုရင်လည်း ပုံမကျ၊ ပန်းမကျ ဟိုမရောက်ဒီမရောက်ပုံစံတွေ ထွက်လာမှာဘဲ။

စည်ပင်လမ်းတံတားဌာနဟာ ကြီးကြပ်တဲ့အဖွဲ့အစည်း ဖြစ်သင့်တာပါ။ နိုင်ငံတစ်ကာ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညှိပြီး ရေးဆွဲထားတဲ့ ကိုယ်ပိုင် စံတွေနဲ့ ချိန်ထိုးပြီး စစ်ဆေးရမှာပါ။ စစ်ဆေးသူက ကန်ထရိုက်လုပ်တဲ့အခါ သူခိုးကို ငွေထုပ်သွားပို့ခိုင်းသလိုပါဘဲ။ အခုတော့ ပျက်စီးသွားတဲ့အကျင့်ဟာ သူရဲ့ သက်မွေးဝမ်းကျောင်းပညာဖြစ်သွားပါပြီ။
တစ်ရက်(၂)သိန်းလောက်ဝင်ငွေ ရှိနေသူကို လစာတစ်သိန်းပေးလည်း သဲထဲရေသွန်ပါဘဲ..ဆက်ခိုးဦးမှာပါဘဲ...

အတိုချုံးရရင် ကျနော်တို့မှာ ငွေ၊ နည်းပညာနဲ့ စံနစ်တစ်ကျရှိမယ့် ရေရှည် Plan ရှိရမယ်။ မြို့တော်တစ်ခုလုံးကိုsurveyယူ၊ Plan ပြန်ဆွဲပြိး တကယ်ဖြစ်အောင်လုပ်နိုင်တဲ့ အဖွဲ့အစည်းတွေကို ကန်ထရိုက်အပ် အလုပ်အပ်နှံရပါမယ်။ ကျနော်တို့ရန်ကုန်က အထင်ကရ လမ်းမရှည်ကြိးများဟာ ယာဉ်ကြောနှစ်စီးစာဘဲရှိပါတယ်။ ကျနော်တို့ လိုအပ်တာက ယာဉ်(၈)ကြောပါ။

ဒါဆိုရင်လုပ်ငန်းအတိုင်းအတာဘယ်လောက်ကြီးသလဲဆိုတာမှန်းလို့ရပါပြီ။

ရေဆိုးစွန့်ပစ်စံနစ် ၊ ယာဉ်ကြောထိန်းသိမ်းမှုစံနစ် ၊ မြို့တော်သယ်ယူပို့ဆောင်ရေးစံနစ် (ဘတ်စကားနဲ့ ရထားများ)၊ လမ်းလျှောက်ခရီးသွားသူများအတွက် သက်တောင့်သက်သာရှိစေမယ့် ပလက်ဖောင်းများ၊ ယာဉ်ရပ်နားမှုစံနစ်၊ အမှိုက်စွန့်ပစ်စံနစ်၊ မြို့တော်တွင်းသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုစံနစ်၊ ဘဏ်စံနစ် ၊ အရေးအပါဆုံး ဆက်သွယ်ရေးစံနစ် ၊ ဒါတွေအားလုံးဟာ နေ့ချင်းညချင်းထလုပ်လို့ ရတဲ့ကိစ္စတစ်ခုမှ မပါဘူး။ မူချပြီးရင် စံနစ်နဲ့ လူပါပြောင်းမှ ရမှာပါ။ အတတ်ပညာရှင်တွေနဲ့ အသိပညာရှင်တွေကို နေရာပေး ၊ facility ပေးပြီး စံနစ်တစ်ကျ အဖွဲ့အစည်း ဖွဲ့စည်းဆောင်ရွက်ရမယ့်ကိစ္စတွေပါ။

တီဟီရန် လူထုသယ်ယူပို့ဆောင်ရေးစံနစ် အလှည့်အပြောင်း

အယ်ဒီတာ့ အာဘော်
Sustainable Transport Magazine, ITDP ( Institute for Transportation and Development Policy )
U.S နှင့် အီရန်အကြား အမျိုးသားအဆင့် တင်းမာမှုများ ရှိလင့်ကစား၊ မြို့ပြနယ်ပယ်တွင် နှစ်နိုင်ငံစလုံးမှ ပညာရှင်များအကြား အတွေ့အကြုံနှင့် ပညာရပ်များကို ဖလှယ်ကြသော ပေါင်းကူးဆက်ဆံမှုက ရှိနေခဲ့ပါသည်။

ဤကဲ့သို့ နည်းပညာ နှင့် အတွေ့အကြုံပိုင်းဆိုင်ရာ ကူးလူးဆက်ဆံမှုကတဆင့် ငြိမ်းချမ်းရေး နှင့် မိတ်ဘက် ဆက်ဆံမှုကို တိုးတက်စေရန် နှင့် နှစ်နိုင်ငံ ပြည်သူများအကြား ယဉ်ကျေးမှု နှင့် ရိုးရာဓလေ့ထုံးတမ်းများကို ပိုမို နားလည်စေရန် အထောက်အကူပြုလိမ့်မည်ဟု ယုံကြည်မိပါသည်။

ဝေါဟာရ ဖွင့်ဆိုချက်

(၁) လူထုသယ်ယူပို့ဆောင်ရေးစံနစ် (Public Transport System) : ရထားနှင့် ဘတ်(စ)ကားတို့ကဲ့သို့ တစ်ကြိမ်တည်းဖြင့် မြို့ပြခရီးသွားအများကို သယ်ယူပို့ဆောင်ပေးနိုင်သောစံနစ်။

(၂) BRT (Bus Rapid Transit) : သီးသန့်ဘတ်(စ)ကား တစ်မျိုးဖြစ်သည်။ မြေအောက်ရထားများကဲ့သို့ အခြေခံအဆောက်အအုံများ အကုန်အကျအများကြီးခံစရာမလိုဘဲ ပုံမှန်ဘတ်(စ)ကားစံနစ်ကို မွမ်းမံထားသော စံနစ်ဖြစ်သည်။ အဆိုပါစံနစ်တွင် သုံးစွဲသာယာဉ်များအား ယာဉ်ကြောပိတ်ဆို့မှု ပြဿနာမှ ကင်းလွတ်စေရန် သီးသန့်ကာရံထားသော ယာဉ်ကြောအတွင်း မောင်နှင်ပြေးဆွဲစေသည်။

(၃) Congestion Charging System - ယာဉ်ကြောကြပ်တည်းမှုအလိုက် လမ်းအသုံးပြုခ ကောက်ခံသောစံနစ် : GPS စံနစ်ဖြင့် ချိတ်ဆက်၍ ယာဉ်ကြောပိတ်ဆို့မှုကို ထောက်လှမ်းပြီး၊ အချိန်အပိုင်းအခြားတစ်ခုအတွင်း ယာဉ်ကြောအတွင်းဖြတ်သန်းသွားသော ယာဉ်စီးရေအပေါ်မူတည်ကါ လမ်းအသုံးပြုခ ကောက်ခံသောစံနစ်ဖြစ်သည်။ ထိုစံနစ်အား လက်ရှိ စင်္ကာပူတွင် သုံးစွဲလျက်ရှိသည်။

(၄) ITDP- The Institute for Transportation and Development Policy - သယ်ယူပို့ဆောင်ရေးနှင့် ဖွံ့ဖြိုးမှု မူဝါဒဆိုင်ရာ နိုင်ငံတကါ အဖွဲ့အစည်း

(၅) ITSRI- the Intelligent Transportation Systems Research Institute - AmirKabir University of Technology (AUT) အီရန် ၏ ဌာနခွဲတစ်ခုဖြစ်သည်။

(၆) CBD - Central Business District - မြို့လယ်ခေါင် စီးပွားရေးလုပ်ငန်းများ တည်ရှိရာ ရပ်ကွက်



နိဒါန်း


ရေနံကြွယ်ဝစွာထွက်ရှိတဲ့ အီရန် အကြောင်းပြောကြရင် ဂေဟမြို့ပြ သယ်ယူပို့ဆောင်ရေးစံနစ်ဟာ ကနဦးအတွေး ဟုတ်လိမ့်မယ် မထင်ပါဘူး။

လူတွေက ချမ်းသာ၊ လူအများစုက ကိုယ်ပိုင်ကားနဲ့ ။ ရေနံထွက်တဲ့ တိုင်းပြည်ဖြစ်လေတော့ လောင်စာဆီက အလျှံပါယ်။ ဂေဟစံနစ်ကို အထောက်အကူပြုမယ့် လူထုသယ်ယူပို့ဆောင်ရေးစံနစ်တွေဆိုတာ အထက်ပါအချက်များနဲ့ ဆန့်ကျင်ဘက်ပါ။ ဒါပေမယ့် ဒီယူဆချက်ကို ကျနော်တို့ အခု ပြောင်းလဲရမယ့် အချိန်ရောက်လာခဲ့ပါပြီ။

လူဦးရေ 7.2 သန်းရှိတဲ့ တီဟီရန်မြို့တော်ဟာ ခေတ်မီတဲ့ မြို့ပြသယ်ယူပို့ဆောင်ရေးစံနစ်တွေ၊ မြို့ပြလူနေမှုဘ၀ကို သဘာဝပါတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိစေမယ့် လူသွားစင်္ကြန်တွေ၊ စက်ဘီးသီးသန့်လမ်းတွေ တည်ဆောက်ရေးအပေါ် တိမ်းညွှတ်လာခဲ့တာကို ကျနော်တို့ မြင်နေခဲ့ရပါတယ်။ ဒါဟာ အာရပ်ကမ္ဘာမှာ အထင်ကရ မြိဲ့ပြ တီဟီရန်အတွက်တော့ အမြော်အမြင်ရှိတဲ့ ပြောင်းလဲမှုတွေပါဘဲ။

ယနေ့တီဟီရန်မှာ နေ့တစ်ဓူဝ မြို့တော်တွင်း ခရီးသွားလာနေကြတဲ့ ခရီးစဉ်ပေါင်းဟာ ၁၂-သန်း ရှိပါတယ်။

အခြားကမ္ဘာပေါ်မှာရှိတဲ့ မြို့ပြကြီးတွေမှာလိုဘဲ တီဟီရန်ဟာ ယာဉ်ကြောပိတ်ဆို့မှုဒဏ်ကို ခံစားနေရတဲ့ ဝေဒနာသည် မြို့ပြတွေထဲ အပါအ၀င်ပါ။ အခုတော့ မြို့တော်ကို အုပ်ချုပ်တဲ့ နိုင်ငံရေးသမားတွေက ဒီပြဿနာတွေကို ဖြေရှင်းဘို့ အသည်းအသန်ကြိုးစားနေကြပါတယ်။

၂၀၂၅-ခုနှစ်မှာ တီဟီရန်ဟာ မြို့တွင်းခရီးစဉ်ပေါင်း ၂၅-သန်းအထိ ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။ ရည်မှန်းချက်က ထိုမြို့ပြခရီးသွားလာမှု ၂၅-သန်း၏ ၇၅%ကို လူထုသယ်ယူပို့ဆောင်ရေးစံနစ်(သို့) အလားတူသယ်ယူပို့ဆောင်ရေးများက ၀န်ဆောင်မှုပေးနိုင်ဘို့ ပါ။

ရည်မှန်းချက်ကတော့ ရှိပါပြီ။ မေးခွန်းက ဒီ့အတွက် သူတို့ ဘာတွေ ပြင်ဆင်အကောင်အထည်ဖော်နေပါသလဲ ?

အခုလောလောဆယ်မှာတော့ BRT( Bus Rapid Transit) နဲ့ မြို့တော်အ၀ှန်း စက်ဘီးလမ်းကွန်ရက်တွေကို ချဲ့ထွင်နေပါတယ်။

ဒါ့အပြင် အာရပ်အသိုက်အ၀န်းမှာ ပထမဆုံးလို့ ဆိုရမယ့် Congestion Charging System ကိုလည်း စတင်နေပါပြီ။

အခုလို အပြောင်းအလဲတွေက ကမ္ဘာလုံးဆိုင်ရာ မြို့ပြ ဂေဟသယ်ယူပို့ဆောင်ရေးစံနစ်မှာ တီဟီရန်ကို ရှေ့တန်းရောက်လာစေပါတယ်။

တီဟီရန်၏ လူထုခရီးသွားစံနစ်

မြို့တော်ရဲ့ ရထားစံနစ်ဟာ အီရန် လူထုသယ်ယူပို့ဆောင်ရေးစံနစ်အတွက် သမိုင်းမှတ်တိုင် ပါဘဲ။ 

နှစ်ပေါင်းများစွာ ကြန့်ကြာမှုတွေနဲ့ ရင်ဆိုင်ရအပြီး၊
(၁၉၉၈)ခုနှစ်မှာ မြို့တော်အတွက် ပထမဆုံး ရထားသယ်ယူပို့ဆောင်ရေးစံနစ်ကို စတင်နိုင်ခဲ့ပါတယ်။

(၁၃)နှစ်ကြာပြီးတဲ့နောက် ဒီစံနစ်ဟာ မြို့ပြခရီးသွား(၁.၅)သန်းကို နေ့စဉ် ပို့ဆောင်ပေးနိုင်ခဲ့ပါပြီ။ ရထားလိုင်း(၄)လိုင်းထိ ချဲ့ထွင်လာနိုင်ခဲ့ပြီး၊ ရထားလမ်းအရှည်စုစုပေါင်း (၁၂၅)ကီလိုမီတာအထိ ရှိလာခဲ့ပါတယ်။

တီဟီရန် ရထားစံနစ်ဟာ တရုတ်နိုင်ငံပြီးရင် ကမ္ဘာပေါ်မှာ ဖွံ့ဖြိုးမှု အလျင်မြန်ဆုံးစာရင်းမှာ ပါပါတယ်။

(Target) ရည်မှန်းချက်က သက္ကရာဇ် ၂၀၂၅-မှာ လက်ရှိရထားလမ်းအရှည်ကို ၂၅၀% ထိချဲ့ထွင်ပြီး၊ 430-km အထိ ကွန်ယက်ချိတ်ဆက်သွားဘို့ပါ။

ထပ်တိုးရည်မှန်းချက်ကတော့ ကိုယ်ပိုင်ရထားနဲ့ ခေါက်တိုရထားငယ်များ(Trams) တွေကို ပြည်တွင်းမှာ ထုတ်လုပ်ပြီး၊ နိုင်ငံစီးပွားရေးကို အထောက်အကူ ပြုနိုင်ဘို့ပါ။

တီဟီရန် Metro
တီဟီရန် Metro

ဒါပေမယ့် အများပြည်သူ သယ်ယူပို့ဆောင်ရေးစံနစ်ကို စုစုပေါင်း မြို့တော်တွင်း ခရီးသွားလာမှု ရဲ့ ၇၅% အထိ တိုးဖို့ဆိုရင် ရထားစံနစ်တစ်ခုတည်းနဲ့ မလုံလောက်နိုင်ဘူးဆိုတာက မြို့တော်အတွက် အဓိက စဉ်းစားရမယ့် အချက်ပါဘဲ။
၂၀၀၆-ခုနှစ်မှာ မြို့ တော် အုပ်ချုပ်ရေးက အမီရ်ကဘားရ် နည်းပညာတက္ကသိုလ်မှာ ရှိတဲ့ စွမ်းရည်မြင့် သယ်ယူပို့ဆောင်ရေးစံနစ် သုတေသနဌာနကို အကူအညီတောင်းပါတယ်။

1920-ပြည့်လွန်နှစ်များကတည်းက တီဟီရန်မှာ ဘတ်(စ)ကားတွေ ပြေးဆွဲနေပါပြီ။ ဒါပေမယ့် ခေတ်တွေ နှစ်တွေ ပြောင်းလာတာနဲ့အမျှ အဲဒီဘတ်(စ)ကားကြီးတွေရဲ့ စွမ်းဆောင်ရည်နဲ့ ၀န်ဆောင်မှုကလည်း အလိုက်သင့် နိမ့်ကျလာခဲ့ပါတယ်။ ယာဉ်မျိုးစုံရောထွေးကြပ်တည်းနေတဲ့ တီဟီရန် လမ်းတွေပေါ်မှာ အိုမင်းနေတဲ့ ဘတ်(စ)ကားကြီးတွေဟာ ကြပ်တည်းရုန်းကန်နေကြရပါတယ်။ ရွေးချယ်စရာ မရှိတဲ့ဆင်းရဲသားတွေအတွက်တောင်မှ ဒီဘတ်(စ)ကားတွေဟာ နောက်ဆုံးရွေးချယ်စရာ ဖြစ်လို့ နေခဲ့ပါတယ်။



အဲဒီလို နောက်ခံအခြေအနေမျိုးမှာ ITSRI သုတေသနဌာနက လက်ရှိ လက်တင်အမေရိကားမှာ ခေတ်စားနေတဲ့ BRT စံနစ်ကို အစားထိုးစဉ်းစားဘို့ တင်ပြခဲ့တာပါ။

BRT ဟာ ဘတ်(စ)ကားတွေကို မြို့ပြယာဉ်ကြောကြပ်တည်းမှု ပြဿနာမှ ကင်းလွတ်စေပြီး၊ ဘတ်(စ)မစီးလိုတဲ့ လူတန်းစားအလွှာစုံကို ဆွဲဆောင်နိုင်စွမ်းရှိပါတယ်။

ITSRI သုတေသနဌာန ရဲ့ တင်ပြချက်တွေမှာ ပဲ့ကိုင်ပေးခဲ့တာကတော့ ITDP ရဲ့ BRT Planning Guide ပါ။

BRT စံနစ်ဖြင့် ဘတ်(စ)ကားများအား အသစ်တဖန် မွေးဖွားစေခြင်း




တီဟီရန်ဟာ သူ့ရဲ့ ပထမဆုံး BRT စံနစ်အတွက် မြို့လည်ခေါင် ဧရိယာကို ဖြတ်သန်းသွာေးသာ အရှေ့အနောက် သွယ်တန်းထားတဲ့ ကော်ရစ်ဒါကို ရွေးချယ်ခဲ့ပါတယ်။

မြို့တော်ဝန် မိုဟာမက် ဘာဂါ ကာဇီဘတ် ရဲ့ ပရောဂျက်အပေါ် ခိုင်မာတဲ့ ကျောထောက်နောက်ခံ ပြုပေးခဲ့မှုက အီရန်သမ္မတ ကနေ တီဟီရန်တက္ကသိုလ်အသိုက်အ၀န်းအထိ ကျယ်ပြောတဲ့ ဝေဘန်ကန့်ကွက်မှုတွေကို ကျော်လွှားနိုင်ဘို့ မရှိမဖြစ် အရေးပါခဲ့ပါတယ်။

မြို့တော်ဝန်ရဲ့ ထောက်ခံမှုကြောင့် တီဟီရန်ဟာ သူ့ရဲ့ ပထမဆုံး BRT စံနစ်မှာ ခေတ်မီဒီဇိုင်းအခွင့်အလမ်းတွေကို သုံးစွဲခွင့် ရခဲ့တယ်။

ရလာဒ်က ၂၀၀၇-ခုနှစ်မှာ စတင်ဖွင့်လှစ်လိုက်တဲ့ ပထမဆုံး BRT လိုင်းမှာ ဗယ်ညာယာဉ်ကြော(၂)ခု ရဲ့ အလယ်မှာ ဖောက်လုပ်ထားတဲ့သီးသန့် ပြေးလမ်း၊ ကြိုတင်အခပေးကဒ်(Prepaid RFID card)၊ တွဲဆက်ယာဉ်(Articulated Bus) တို့ ပါဝင်ခဲ့တယ်။

Articulated Bus တွဲဆက်ယာဉ်
Articulated Bus တွဲဆက်ယာဉ်

ပြေးဆွဲတဲ့ ပထမဆုံးနှစ်မှာဘဲ စီးနင်းသူ ၇၇%ထိ ထိုးတက်ခဲ့ပြီး၊ နေ့စဉ်စီးနင်းသူ ၄၅၀,၀၀၀-ဦးရှိလာတယ်။ BRT စံနစ်ဟာ ဘတ်(စ)ကားအခြေပြု လူထုသယ်ယူပို့ဆောင်ရေးကို အသစ်တဖန် မွေးဖွားစေခဲ့ပြီး၊ လူတန်းစားအလွှာသစ်တွေကို လည်း ဆွဲဆောင်နိုင်ခဲ့ပါပြီ။ အဲဒီအလွှာတွေထဲမှာ ကော်လာဖြူ ပညာတတ်တွေ ပါဝင်ပြီး၊ သူတို့ဟာ ကိုယ်ပိုင်ကားနဲ့ Taxi တွေအစား BRT ကို ရွေးချယ်ခဲ့တာပါ။

BRT လိုင်းရဲ့ အောင်မြင်မှု တစ်ခုကတော့ BRT လိုင်းဝန်းကျင်က လူတွေရဲ့ အမြင်ကို ပြောင်းလဲစေခဲ့တာပါဘဲ။  BRT လိုင်းတည်ဆောက်ရေးကါလမှာ အဲဒီဝန်းကျင်မှာ ရှိတဲ့ ကုန်တိုက်နဲ့ စီးပွားရေးလုပ်ငန်းတွေက BRT ကြောင့် သူတို့ လုပ်ငန်းတွေ ထိခိုက်လာနိုင်တယ်ဆိုပြီး ကန့်ကွက်ခဲ့ကြပေမယ့် အခုတော့ BRT ကြောင့် သူတို့လုပ်ငန်းတွေ ပိုအဆင်ပြေလာရတယ်လို့ ဆိုနေကြပါပြီ။

ဒီအောင်မြင်မှုတွေဟာ မြို့တော်ဝန် အပါအ၀င် မြို့တော်အုပ်ချုပ်ရေးအဖွဲ့ ရဲ့ ဒီပရောဂျက်အပေါ် စိတ်ပိုင်းဖြတ် ထောက်ခံပေးခဲ့မှုက ITSRI ဌာနက ဒီဇိုင်းထုတ်တဲ့ BRT ကွန်ယက်ကြီးတစ်ခုလုံး ရှေ့ခရီးဆက်နိုင်အောင် တွန်းအားပေးမောင်းနှင် ပေးခဲ့ပါတယ်။

လိုင်းအမှတ်(၁) အရှေ့-အနောက် ကော်ရစ်ဒါ စတင်ဖွင့်လှစ်ပြီး၊ ဒီနှစ်မှာ လိုင်း(၆)လိုင်းထိ ရှိလာခဲ့ပြီး၊ ပြေးဆွဲသည့် ခရီးအရှည် (176) ကီလိုမီတာအထိ ရှိကါ ခရီးသည် (၁.၆)သန်းကိုနေ့စဉ် ၀န်ဆောင်မှု ပေးလျက်ရှိပါတယ်။




ITDP  ရဲ့ စီအီးအို ဝေါလ်တာဟွတ်ခ် ဟာ မကြာသေးမီက တီဟီရန်ကို ရောက်ရှိလာပြီး၊ မြို့တော်မှာ ပြေးဆွဲနေတဲ့ BRT လိုင်းတွေကို အကဲဖြတ် အဆင့်သတ်မှတ်ပေးခဲ့ပါတယ်။

(၂)လိုင်းက ငွေအဆင့် သတ်မှတ်ခံရပြီး၊ နောက်ထပ်(၂)လိုင်းက ကြေးအဆင့်ပါ။

အချိန်ကါလနဲ့ နိုင်ငံရေးစံနစ်အပြောင်းအလဲတစ်ချို့ကြောင့် ပထမဆုံး East-West Line ရဲ့ အဆင့်မြင့် ဒီဇိုင်းစွမ်းရည်တွေကို နောက်ထပ်တိုးချဲ့တဲ့ လိုင်းတွေမှာ အစုံအလင် ထည့်သွင်းခွင့်မရခဲ့တာကတော့ ၀မ်းနည်းစရာပါဘဲ။

BRT စံနစ်၏ အကျိုးကျေးဇူး

တီဟီရန် BRT စံနစ်ကြောင့် စီးပွားရေး၊ လူမှုရေးနှင့် သဘာဝဂေဟစံနစ် ဆိုင်ရာ အကျိုးကျေးဇူးတွေကို မြို့တော်က ခံစားခွင့် ရရှိခဲ့တယ်။ ဒီစံနစ်ကြောင့် ခရီးကြန့်ကြာချိန်တွေကို လျှော့ချနိုင်ပြီး၊ ကိုယ်ပိုင်ယာဉ်အသုံးပြုသူတွေဟာ BRT ဘတ်(စ)ကား ပြောင်းစီးလာခဲ့ကြတယ်။

နောက်ဆုံးတင်သွင်းလာတဲ့ ယာဉ်သစ်တွေဟာ ဆီစား ပိုသက်သာတယ်။

ယာဉ်ကြောပိတ်ဆို့မှုတွေ သိသိသာသာ လျော့ပါးလာတယ်။

မြို့တော်လေထုဟာ သန့်စင်မှုအချိုးမြင့်တက်လာခဲ့ပြီး၊ ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချနိုင်ခဲ့ပါတယ်။

လေ့လာချက်တွေအရ၊ BRT ဟာ ငယ်ရွယ်ပြီး၊ ခေတ်ပညာတတ်တဲ့ စီးနင်းသူတွေအဘို့ နေ့စဉ်လူနေမှုဘ၀ရဲ့ စတိုင်တစ်ခုဖြစ်လာတယ်။

ဆာဗေးတစ်ခုမှာ အမေးခံတဲ့ လူ(၂၂၀၀)လောက်ထဲက ၆၅% က BRT ဟာ မြို့လည်စီးပွားရေးရပ်ကွက်(CBD) တွေအတွင်း ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းဘို့ စံနမူနာပါဘဲလို့ ယူဆပါသတဲ့။

တီဟီရန် BRT စံနစ်မှာ
  • အတက်အဆင်းမြန်စေဘို့ တံခါးပေါက်ကျယ်တွေ များများထည့်ပေးထားတယ်။

  • ဘတ်(စ)ကားမှတ်တိုင်(Station) တွေဟာ ရာသီဥတုဒဏ်ကနေ ခရီးသည်တွေ လုံခြုံဘို့ ဒီဇိုင်းထုတ် ဆောက်လုပ်ထားပါတယ်။

  • လေထုအပူချိန် ထိန်းညှိစက် (Air-conditioner)

  • အိုမင်းမစွမ်းနဲ့ မသန်မစွမ်းသူတွေ၊ ကလေးငယ်တွေ တက်ဆင်းရ လွယ်ကူအောင် ဖန်တီးထားတယ်။

  • ဘတ်(စ)ကား ဆိုက်ရောက်ချိန် အသိပေးသော စံနစ် (Passenger's Information System)

  • အီလက်ထရောနစ် လက်မှတ် (E-ticketing)

  • ယာဉ်တစ်စီးချင်းစီအား အချိန်နှင့် တစ်ပြေးညီ စောင့်ကြည့်ကွပ်ကဲနိုင်သောစံနစ်

  • မှတ်တိုင်များအားလုံးတွင် လုံခြုံရေးအတွက် CCTV ကင်မရာဖြင့် မှတ်တမ်းတင်သောစံနစ် တို့ ပါဝင်ပါတယ်။

အကျိုးရလဒ်များအနေဖြင့်
  • မြို့တော်၏ လေထုအရည်အသွေးတိုးတက်လာခြင်း

  • မြို့တော်လောင်စာဆီသုံးစွဲမှု လိုအပ်ချက် ကို လှျေ့ချနိုင်ခြင်း

  • အမှတ်(၁)လိုင်းပြေးဆွဲသည့် လမ်းကြောင်းတစ်လျှောက် ကာဗွန်ထုတ်လွှတ်မှုသည် ၄၆% အထိလျော့ကျသွားသည်။

  • အမှတ်(၂)လိုင်းပေါ်တွင် ကိုယ်ပိုင်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ၏ လောင်စာဆီသုံးစွဲမှုကို နေ့စဉ်လီတာပေါင်း ၁.၅သန်းနီးပါး(၁,၄၉၅,၀၀၀) ချွေတာနိုင်ခဲ့သည်။

  • နောက်ဆုံးပြီးစီးသည့်လိုင်းဖြစ်သည့် အမှတ်(၇)လိုင်းပေါ်တွင် ကိုယ်ပိုင်ယာဉ်သုံးခရီးစဉ်စုစုပေါင်း၏ ၂၇%သည် ယခုအခါ BRT ကို ပြောင်းလဲ အသုံးပြုလာသည်။


Sustainable Transport Magazine, ITDP ပါ  S. Mehdi Hashemi and Farshad Jalali ရေးသားသော Tehran’s Transport Turnaround ဆောင်းပါးအား နားလည်မိသလို ဘာသာပြန်ဆိုပါသည်။ အမှားအယွင်းရှိခဲ့ပါက ဘာသာပြန်သူ၏ ချို့ယွင်းချက်သာဖြစ်ပါသည်။

သူတို့ဆီက မြို့ပြခရီးသွား သယ်ယူပို့ဆောင်ရေးစံနစ်

မြန်မာပြည်ရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့ရဲ့ လူဦးရေဟာ (2011) မှာထုတ်ပြန်တဲ့ စစ်တမ်းတစ်ခုအရ လူဦးရေ (10-Million)ကျော်သွားပါပြီ။ သန်း(၇၀)သော မြန်မာပြည်လူဦးရေ ရဲ့ (၇)ပုံ (၁)ပုံ ပမာဏပါ။( ဒေါက်တာကျော်လတ် ရဲ့ ခန့်မှန်းချက်နဲ့တော့ တော်တော်ကွဲလွဲပါတယ်။) ဒါဟာရန်ကုန်ကိုနေ့တစ်ဓူဝ ၀င်ထွက်နေတဲ့ ရပ်ဝေးခရီးသွားတွေကို ထည့်မတွက်ထားသေးဘူး။



နေပြည်တော်လို မြို့မျိုးပေါ်လာပေမယ့်လည်း နေပြည်တော်ဟာ ရန်ကုန်ဖြစ်လာဘို့မလွယ်ပါဘူး။ ၀န်ထမ်းဦးရေ သိန်းနဲ့ချီပြီး နေစရာပေးပြီး လူဦးရေကို တက်အောင်လုပ်ပေမယ့်လည်း အဲဒီဝန်ထမ်းတွေဟာ နေပြည်တော်မှာ အခြေချမယ့်သူ အင်မတန်ရှားပါလိမ့်မယ်။ နေပြည်တော်အခြေကျစပြုတဲ့ (၂၀၀၇) ကနေပြီးတော့ အခု(၂၀၁၂) ငါးနှစ်တာကာလအတွင်း နေပြည်တော်ကို သွတ်သွင်းလိုက်တဲ့ လူဦးရေထက်ကို အဲဒီနှစ်တွေအတွင်း ရန်ကုန်ကို ပြောင်းရွှေ့ အခြေချလာတဲ့ လူဦးရေကပိုများတာကို စစ်တမ်းအချို့ကနေ ကျွန်တော်သတိထားမိပါတယ်။ အခုဆို နေပြည်တော်မှာ စီမံကိန်းတွေရပ်လိုက်တာကြောင့် နေပြည်တော်လူဦးရေဟာ တစ်ဟုန်ထိုးတိုးတက်လာဘို့ အခွင့်ပိုနည်းပါတယ်။

နေပြည်တော် ဆောက်လုပ်ရေး စီမံကိန်း လုပ်ငန်းခွင် တစ်နေရာ  
photo: popular journal
နေပြည်တော် ဆောက်လုပ်ရေး စီမံကိန်း လုပ်ငန်းခွင် တစ်နေရာ photo: popular journal

လူဦးရေ (၁၀)သန်းထက် ကျော်လွန်သောမြို့ ပြ ကို Mega City လို့ အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။
ရန်ကုန်ကတော့ ကြည့်ရင်းကြည့်ရင်း Mega City တစ်ခုဖြစ်မှန်းမသိဖြစ်လာပါပြီ။ တစ်ပြိုက်နက်တည်းမှာပဲ ကျွန်တော်တို့ မြို့တော် ရန်ကုန်ရဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဏကို အလျင်အမြန်ကုစားဘို့ရာ လိုအပ်နေပါပြီ။ ဒါပေမယ့် လောလော၊ လောလော လုပ်ရန်ဟုမဆိုလိုပါ။ ဒါကောင်းတယ်လို့ တစ်ယောက်ကပြောလိုက် လုပ်လိုက်၊ ဟိုဟာကောင်းတယ်လို့ နောက်တစ်ယောက်ကပြောလိုက် ဟိုဟာလိုက်လုပ်လိုက်နဲ့ ဆေးမြီးတိုပေါင်းစုံကြားမှာ သားသေရတဲ့ အဖြစ်မျိုးနဲ့ ကျွန်တော်တို့ရဲ့ မြို့ပြတွေကို မရောက်စေချင်လို့ သူတို့ဆီက မြို့ပြသယ်ယူပို့ဆောင်ရေးအကြောင်း တစ်စေ့တစ်စောင်းကို ဒီနေ့တင်ပြချင်တာပါ။

ရထားပို့ဆောင်ရေးစံနစ်


SMRT FROM SINGAPORE ON THE TRACK....UP TO 7 CARS IN A TRAIN
SMRT FROM SINGAPORE ON THE TRACK....UP TO 7 CARS IN A TRAIN

ခေတ်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ မြို့ပြတစ်ခုမှာ ရထားသယ်ယူပို့ဆောင်ရေးစံနစ်ဟာ အတော်အရေးပါပါတယ်။
အကြောင်းက -
(၁) ရထားမှာ လက်ရှိရန်ကုန်က ဘတ်(စ)ကားတွေလို လမ်းလယ်ခေါင်ရပ်ပြီး လူအတင်အချလုပ်နေလို့ လမ်းပိတ်ရတာမျိုးမရှိပါဘူး။
( LESS TRAFFIC CONGESTION ADVANTAGE )

ဆူးလေဘုရားလမ်းတွင် လမ်းလုံးပြည့်နေရာယူထားသော ဘတ်စကားများ

© Albert Normandin
 © Albert Normandin / Masterfile
ဆူးလေဘုရားလမ်းတွင် လမ်းလုံးပြည့်နေရာယူထားသော ဘတ်စကားများ © Albert Normandin © Albert Normandin / Masterfile

(၂) ရထားဟာ ဘတ်စကားထက် ၀န်တင်နိုင်မှုနဲ့ ဆီစားနှုန်းအချိုးမှာ အလွန်ကွာဟပါတယ်။
( FUEL CONSUMPTION ECONOMY )

(၃) ရထားဟာ တစ်စီးထဲနဲ့ လူအများအပြားကို သယ်ယူပို့ဆောင်ပေးနိုင်ပါတယ်။ ရုံးဆင်းရုံးတက်ချိန်တွေမှာ ပုံမှန်ခုနှစ်တွဲပါတဲ့ ရထားတစ်စီးဟာ လူ(၆၀၀)ခန့်ထိ သယ်ပို့ပေးနိုင်ပါတယ်။ ( MASS TRANSIT )

(၄) လူအများခရီးသွားတတ်တဲ့ လမ်းကြောင်းအနီးမှာ ရထားလမ်းတစ်ခုသာ တည်ဆောက်ပေးနိုင်ရင် အလုပ်သွားအလုပ်ပြန် အချိန်တွေမှာ ရထားဟာ အချိန်ကုန်သက်သာစေပါတယ်။ ( TIME-SAVVY )

ရန်ကုန်မြို့ပါတ်ရထား ဘူတာစဉ်ပြ ပုံ
ရန်ကုန်မြို့ပါတ်ရထား ဘူတာစဉ်ပြ ပုံ

သူတို့ဆီကမြို့ပြတွေမှာ ရထားလမ်းတွေကို လူဦးရေသိပ်သည်းသော အစိတ်အပိုင်းတွေ၊ စီးပွားရေးရပ်ကွက်တွေကို ဖြတ်သန်းဖောက်လုပ်ထားကြပါတယ်။ အဲဒီထဲကမှ အဓိကကျတဲ့ ဘူတာတွေမှာ အနီးအနားတစ်ဝိုက်နဲ့ ရထားလမ်း မဖောက်လုပ်နိုင်သေးတဲ့ နေရာတွေကို ဖြတ်သန်းဆက်သွယ်ဘို့ ဘတ်စကားဂိတ်တွေထားရှိပါတယ်။ ( CONVENIENT ACCESS )

မြို့တော်တွင်းမှာပြေးဆွဲတဲ့ရထားအများစုဟာ third rail လို့ခေါ်တဲ့ သံလမ်းတစ်လျှောက်သွယ်တန်းထားတဲ့ high-Amp DC လျှပ်စီးချောင်း (သို့) ကောင်းကင်ဓါတ်ကြိုးမှ လျှပ်စစ်ကို အသုံးပြုပြီး ခုတ်မောင်းပါတယ်။ လျှပ်စစ်ဓါတ်အားအသုံးပြုထားလို့ မြို့တော်တွင်း မလိုလားအပ်သော လေထုညစ်ညမ်းခြင်းပြဿနာကို မဖြစ်စေပါ။ ( GREEN TRANSPORT )

An illustration of third-rail
An illustration of third-rail

ရထားကို (၅)မိနစ်တစ်စီးကျ ပြေးဆွဲနေသည် ဆိုပါစို့။ မြို့တော်တွင်း ဖြတ်သန်းသွားတဲ့ ရထားလမ်းတွေဟာ မြေပြင်မှာသာသွားနေမယ်ဆိုရင် ကားတွေ၊လူတွေဟာ ရထားသံလမ်းကူးဘို့ စောင့်လို့ဆုံးတော့မှာမဟုတ်ပါဘူး။ ဒါကြောင့် ရထားလမ်းတွေကို မြေပြင်ကနေအပေါ်မြှင့်ပြီး မိုးပျံရထားလမ်း(elevated track)ပေါ်မှာ သွားစေပါတယ်။ ဒါပေမယ့် တန်ဘိုးကြီးမြေနေရာပေါ်မှာ အထပ်မြင့်ဆောက်ထားတဲ့ မြို့လယ်ခေါင်ရပ်ကွက်တွေကို ဖြတ်တဲ့အခါ မိုးပျံရထားဟာ မတတ်သာတဲ့အဆုံး နည်းပညာအရကော၊ ကုန်ကျစံရိတ်အရပါ ဈေးကြီးတဲ့ မြေအောက်ရထားလမ်းကို ဖြတ်သန်းရပါတော့တယ်။

အရှိန်နဲ့ မိုးပေါ်မှာသွားနေတဲ့ရထားမှာ လိုက်ပါတဲ့သူတွေဘေးအန္တရာယ်ကင်းရှင်းဘို့ ရထားတိုင်းဟာ တံခါးအလုံပိတ်ပြီး air-con ဖြင့် ventilation (သန့်ရှင်းသော လေအ၀င်အထွက်စံနစ်) တပ်ဆင်ထားရပါတယ်။

ရထားနဲ့ခရီးသွားကြတဲ့သူတွေမှာ တစ်ကိုယ်ရေသုံးလက်ဆွဲတန်ဆာပါလာမှာပါဘဲ။ ဒီလက်ဆွဲတန်ဆာတွေမှာ အောက်ခြေမှာဘီးတပ်ဆင်ထားတဲ့အခါ ရထားထဲအလွယ်တစ်ကူ ၀င်ရောက်ဘို့၊ ကလေးတွေကို လက်တွန်းလှည်းထဲထည့်ပြီး ဆွဲလာတဲ့အခါ လက်တွန်းလှည်းအလွယ်တစ်ကူ ၀င်ထွက်နိုင်ဘို့ ၊ ဘီးတပ်လက်တွန်းလှည်းနဲ့လာတဲ့ မသန်မစွမ်းသူတွေအဆင်ပြေစေဘို့ရည်ရွယ်ပြီး ဘူတာစင်္ကြန်ကိုရထားကြမ်းခင်းနဲ့ တစ်ပြေးညီပုံစံပြုတည်ဆောက်ထားပါတယ်။ (ပုံကိုကြည့်ပါ)

MTR from Hong Kong.....safety gates opens only after the train has totally stopped......
MTR from Hong Kong.....safety gates opens only after the train has totally stopped......

ရထားလက်မှတ်

ရထားလက်မှတ်/ ကားလက်မှတ်အကြောင်း အကျယ်ကိုအောက်ပါပို့စ်တွင် ဖတ်နိုင်ပါသည်။

ipay (သို့) ဟိုမရောက်ဒီမရောက် ယာဉ်စီးခပေးကဒ်
https://www.facebook.com/note.php?note_id=335559886500247

ဘတ်(စ)ကား

Double Decker Scania
Double Decker Scania

Piictures of buses in action at Toa Payoh HDB Hub aircon bus interchange to illustrate a snapshot of the transport system at work, and that it is working well for the commuters.
Piictures of buses in action at Toa Payoh HDB Hub aircon bus interchange to illustrate a snapshot of the transport system at work, and that it is working well for the commuters.

ဘတ်(စ)ကားအကြောင်းရေးမယ်ကြံတော့ စင်္ကာပူမှာ စီးပွားရေးလုပ်နေတဲ့ ကျနော့်သူငယ်ချင်းတစ်ယောက်ပြောတဲ့စကားကို သွားသတိရတယ်။ ငါဒီမှာရောက်တာ 10 နှစ်ကျော်ပြီ။ ဒီဘတ်(စ)ကားကြီးတွေကြောင့် စိတ်အနှောက်အယှက်ဖြစ်ရတာ တစ်ခါမှမကြုံဖူးဘူးတဲ့။ သူတို့ဆီမှာ ရထားနဲ့ ဘတ်(စ)ကားတွေကို စီမံခန့်ခွဲတဲ့ အဖွဲ့အစည်းက တစ်ဦးတည်းပါ။ ထိုဘတ်(စ)မောင်းတဲ့သူဟာ ကားမောင်းတတ်ရုံနဲ့ မရပါဘူး။ စိတ်ပိုင်းဆိုင်ရာ၊ ဥာဏ်ရည်ဥာဏ်သွေး၊ လူမှုဆက်ဆံရေး အကုန်လုံးနဲ့ ချိန်ထိုးပြီးမှ ခန့်ပါတယ်။ ခန့်ပြီး တန်းမောင်းလို့မရသေးပါဘူး။ စံနစ်တကျ ထပ်ပြီး ထရိန်နင် ပေးပါသေးတယ်။ အဆင့်ဆင့် စမ်းသပ်စစ်ဆေးမှုတွေကို ကျော်လွန်ပြီးမှ ကားပေါ်တက်မောင်းရတာပါ။

မြို့တော်သယ်ယူပို့ဆောင်ရေးမှာသုံးတဲ့ ခေတ်မီဘတ်(စ)ကားကြီးတွေဟာ လူဆင်းရ၊ တက်ရလွယ်ကူအောင်ပြုလုပ်ပေးထားကြပါတယ်။ ပလက်ဖောင်းပေါ်ကနေ ခြေတစ်လှမ်းအကွာမှာဘဲ ဘတ်စကားပေါ်ရောက်သွားပြီး၊ အတက်အဆင်းအစား ဆင်ခြေလျှော လျှောက်လမ်းနဲ့တင်ဘဲ ကိုယ်ထိုင်မယ့်နေရာကိုရောက်ရှိနိုင်ပါတယ်။ တစ်ခါ ဘတ်စကားပေါ်မှာ ဘီးတပ်ကုလားထိုင် အလွယ်တက်လို့ရဘို့ အဆင်ပြေအောင် နေရာဖန်တီးပေးထားပါတယ်။ ဘတ်စကားရဲ့ အပေါက်ဝကြမ်းခင်းက လမ်းမျက်နှာပြင်ကနေတိုင်းရင်(၈)လက်မ၀န်းကျင်ရှိပါတယ်။ အပေါက်ကြမ်းခင်းကို အလွယ်တစ်ကူတင်လို့ချလို့ရအောင်လုပ်ထားလို့ ဘတ်(စ)ကားကို ပလက်ဖောင်းနဲ့ ကပ်ပြီးရပ်လိုက်တဲ့အခါ (၆)လက်မမြင့်တဲ့ ပလက်ဖောင်းပေါ်က ဘီးတပ်ကုလားထိုင်ဟာ ချပေးတဲ့ကြမ်းခင်းကနေ ကားပေါ်အလွယ်တစ်ကူရောက်ရှိနိုင်ပါတယ်။ အပေါက်နဲ့ တည့်တည့်မှာ ကွက်လပ်လုပ်ပေးထားပြီး၊ ကိုယ့်ဘီးတပ်ကုလားထိုင်(wheel chair)ကို ရပ်ပြီးတဲ့နောက် မလှုပ်စေရန် ခါးပတ်နဲ့ ထိန်းထားလို့ ရပါတယ်။

pls ask driver to service ur wheelchair
pls ask driver to service ur wheelchair

အမြန်ဘတ်(စ)ကားကြီးတွေ(ဥပမာ-လေဆိပ်သွားတဲ့ ဘတ်စကားတွေ) မှာ ယာဉ်မောင်းနောက်ကြောနဲ့ အပေါ်ထပ်တက်တဲ့ လှေခါးရင်းကြားမှာ Luggage Rack အထုပ်တင်ရန်စင်ရှိပါတယ်။

လုံခြုံရေးအတွက် ကားအတွင်း CCTVကင်မရာတပ်ဆင်ထားပါတယ်။ ထို့နည်းတူ ဘတ်(စ)ကားယာဉ်ကြောအတွင်းစည်းကမ်းမဲ့ မောင်းနှင်ကြတဲ့ ယာဉ်များနဲ့ အရေးပေါ်အခြေအနေ( ဥပမာ-accident ) တွေကို မှတ်တမ်းတင်နိုင်ဘို့  ကင်မရာလည်းပါပါတယ်။ ကားတွေကို GPS စံနစ်နဲ့ ဆက်သွယ်ထားပြီး ကားရဲ့ ရောက်ရှိတည်နေရာကို သက်ဆိုင်ရာစံနစ်အတွင်း သတင်းပို့လွှတ်ပါတယ်။ ထိုသတင်းပို့ချက်အပေါ်မူတည်၍ ဘတ်(စ)ကားမှတ်တိုင်မှာ ထောင်ထားတဲ့ LED board တွေမှာ ထိုမှတ်တိုင်သို့ ဘတ်စကားရောက်ရှိချိန်ကိုဖော်ပြပေးပါတယ်။

LED Display in Bus stop
LED Display in Bus stop

LED board မရှိတဲ့မှတ်တိုင်တွေမှာတော့ next bus လိုမျိုး sms service တွေကနေ နောက်ရောက်မည့် Bus ဘယ်အချိန်လာမလဲဆိုတာကို မေးလို့ရပါတယ်။ ထို့နည်းတူ ကားတွင်းတပ်ဆင်ထားတဲ့ LED monitor မှာနောက်ရောက်မည့် မှတ်တိုင်ကို ဖော်ပြပေးသလို စပီကာမှလည်း ကြေငြာပေးပါတယ်။

ဘာလိုသေးလည်းအချစ်ရယ်လို့မေးရင် လိုအပ်နေပါသေးတယ်လို့ ခရီးသည်တွေဆီက ငြီးညူသံတွေလာတုန်းပါဘဲ။ မနက်ခင်းရုံးတက်ချိန်မှာ လက်ပြတားပေမယ့် ဘတ်(စ)ကားက မရပ်ပေးဘူးလို့ လူထုအော်လံကနေ တင်ပြတာ တွေ့ဘူးပါတယ်။ မနက်ခင်းနဲ့ ညနေ ရုံးတက်ရုံးဆင်းချိန် (peak hour) တွေမှာ Bus နဲ့ ရထားတွေကို ပိုပြီးစိပ်စိပ်ပြေးဆွဲပေးပါတယ်။

ဒါပေမယ့် ဘတ်စကား ဒရိုင်ဘာ (Bus captain) ဟာ သူ့ကားမှာ နောက်ထပ်လူထပ်တက်ခွင့်ပေးရင် ကားပေါ်ပါ ခရီးသည်တွေအတွက် အရမ်းကြပ်ညပ်နေလိမ့်မယ်လို့ ယူဆရင် ဆင်းမယ့်သူလည်းမပါဘူးဆိုရင် မှတ်တိုင်မှာ ခရီးသည်ရပ်စောင့်နေပေမယ့်လည်း ဆက်မောင်းခွင့်ရှိသလို၊ တက်မယ့်လူကိုလည်းတားမြစ်ပိုင်ခွင့်ရှိပါတယ်။ ဒီလို တိုင်ကြားချက်ကြောင့် driver ကိုအရေးမယူပါဘူး။ ဒီ့အစား အတိုင်အတောထူတဲ့ နေရာတွေကို ပြေးဆွဲတဲ့ bus အရေအတွက်ကို ထပ်တိုးပါတယ်။

လူများတဲ့ မှတ်တိုင်တွေမှာ ဘတ်(စ)ကားတိုင်းရပ်ပါတယ်။ လူနည်းတဲ့အခါ ဘတ်(စ)ကား မှတ်တိုင်နားနီးရင် အရှိန်လျှော့ပါတယ်။ တစ်ခါတစ်ရံ ဟွန်းသံတစ်ချက်ပေးပြီး လူကို သတိပေးပါတယ်။ ဒီအခါ ဘတ်စကားနံပါတ်ကို ကြည့်ပါ။ မိမိစီးမယ့်ကားဆိုရင် လက်ပြတားပါ။ အနားရောက်လို့မှ လက်မတားရင်၊ ဘတ်(စ)ကားပေါ် ဆင်းမယ့်ခရီးသည်လည်းမပါဘူးဆိုရင် မရပ်တော့ဘဲ ဆက်မောင်းသွားပါလိမ့်မယ်။

ဘယ်လောက်ဘဲ ပြည့်စုံအောင် ဖန်တီးပေးထားပေမယ့် သူတို့မှာလည်း အားနည်းချက်အချို့ ရှိနေပါသေးတယ်။ ကားပေါ်မှာ ရထားတွေလို မှတ်တိုင်စဉ်မြေပုံကို ထင်သာမြင်သာ မချိတ်ဆွဲထားပါဘူး။ နောက်တစ်ခု မှတ်တိုင်တစ်ခုနဲ့ တစ်ခုအကြား distance အကွာအဝေးဘယ်လောက် ရှိသလဲဆိုတာလည်း မသိရပါဘူး။ distance ကို ဘာလို့ သိဘို့လိုသလဲဆိုတော့ လက်မှတ်ခက အချို့နေရာမှာ မှတ်တိုင်အစား taxi တွေလို distance နဲ့ ယူလို့ပါ။

TAXI



တက္ကစီ မှန်ရင် မီတာနဲ့ ပါ။ ဆိုင်ကယ်ကယ်ရီနဲ့ သုံးဘီးတွေကတော့ မီတာမပါကြပါဘူး။ ကြိုက်ဈေးပါဘဲ။
တက္ကစီခတွက်ပုံဟာ သာမာန်လူတစ်ယောက်အဖို့ နားလည်ရန်ခက်ခဲပါတယ်။ အကြမ်းဖျင်း သိရအောင် singapore တက္ကစီခ ဇယားကို အောက်ပါ link မှာလေ့လာနိုင်ပါတယ်။

http://www.taxisingapore.com/taxi-fare/

ကားပေါ်မှာ ဘက်စုံသုံး  LCD panel တစ်ခုပါပါတယ်။ touch  screen ပါ။ အဲဒီဖန်သားပြင်ပေါ်မှာ ကုမ္ပဏီပင်မ ကွန်ယက်မှ on-call taxi bid များ၊ လမ်းပိတ်ဆို့မှုသတင်းများ၊ တက်နေပါတယ်။ ထို့ အတူ GPS ကိုလည်းထို board ပေါ်မှာ ကြည့်နိုင်ပါတယ်။ bluetooth့ headset ကနေ ပင်မရုံးကွပ်ကဲရေးဌာနကို walkie-talkie ပြောလို့ရတယ်။

The control panel view of a taxi.. အပေါ်က ပင်မဖန်သားပြင်၊ ဂီယာဘေးနားက ငွေပေးကဒ်ဖတ်စက်၊ ညာဖက်အလယ် မှ စာလုံးအနီလင်းနေသည်မှာ မီတာဖြစ်သည်။
The control panel view of a taxi.. အပေါ်က ပင်မဖန်သားပြင်၊ ဂီယာဘေးနားက ငွေပေးကဒ်ဖတ်စက်၊ ညာဖက်အလယ် မှ စာလုံးအနီလင်းနေသည်မှာ မီတာဖြစ်သည်။

ကားခပေးတဲ့အခါ ကဒ်တွေနဲ့ပေးရင် နည်းနည်းအင်ပါတယ်။ ငွေသားဘဲလိုချင်ကြတာများတယ်။ ဒါပေမယ့် ပေးလို့ရတယ်။ credit card၊ ကျနော် အရင်တင်တဲ့ ပို့စ် "i-Pay (သို့မဟုတ်) ဟိုမရောက် ဒီမရောက် ယာဉ်စီးခပေးကဒ်" ထဲမှာ ဖော်ပြထားတဲ့ cash card၊ ဘတ်စကားစီးတဲ့ကဒ်၊ စတာတွေပေးလို့ရတယ်။ ပေးပြီးတာကို receipt တောင်းရင် ထုတ်ပေးပါတယ်။

တကယ်လို့ ကိုယ်သွားချင်တဲ့နေရာဟာ လမ်း (၂)မျိုး (၃)မျိုးလောက်နဲ့ သွားလို့ ရတဲ့ ခရီးမျိုးဆိုရင် ကိုယ့်ကို ဘယ်လမ်းကသွားချင်လဲလို့ မေးလိမ့်မယ်။ ကိုယ်သွားစေချင်တဲ့ လမ်းကြောင်းကိုပြောပါ။ မရေရာရင် သူ့ကို ဆရာမလုပ်ပါနဲ့။ မနက်ခင်း ရုံးသွားချိန်မှာ ပုံမှန်လမ်းအတိုင်းသွားရင် ကားပိတ်တာနဲ့ ခရီးမတွင်လို့ သူတို့ ကျွမ်းကျင်တဲ့ ဖြတ်လမ်းတွေကနေ သွားတတ်ပါတယ်။

ဘန်ကောက်လို tourist များတဲ့ မြို့တွေမှာ taxi နဲ့ သုံးဘီးတွေဟာ မီတာတက်အောင် ပတ်နေတာမျိုးတွေ၊ အပိုကြေးတောင်းခံတာတွေ ရှိတတ်ပါတယ်။ ဒါမျိုးကြုံရင် tourist police ကို တိုင်ကြားနိုင်ပါတယ်။ ကျနော်တို့ဆီမှာတော့ 199 လို service တွေတောင် လူတွေက အသုံးမ၀င်လို့ လျစ်လျူရှုထားတာ ကြာပါပြီ။
BRT အတွက် သွင်းလာတဲ့ ကားကြီးတွေလည်း လိုင်းတွေထဲ ရောက်ကုန်ပြီ။ iPay စက်တွေလည်း ဘယ်သူမျှ မသုံးကြတော့ပြီ။ ဒါ ကျနော်တို့ ဗမာပြည်။ တစ်တိတိ နဲ့ ပြောင်းလဲရေးလုပ်ကြသည်။ သတင်းစာမျက်နှာများ၊ အစည်းအဝေးများ၊ နိုင်ငံခြား လေ့လာရေး ခရီးများဖြင့် ငွေဖြုန်းတီးကြလေသည်။ ဟိုလူ့ငဲ့ ဒီလူငဲ့ ဖြင့် ပါတ်သက်ရာ ပါတ်သက်ကြောင်း အကျိုးစီးပွားများအား ကာကွယ်ကြတော့သည်။

မဟာရန်ကုန် မြို့ပြသယ်ယူပို့ဆောင်ရေး စီမံကိန်း (YUTRA) အတွက် အမေရိကန်ဒေါ်လာ ၂၅ ဘီလျံ ကုန်ကျမည်။

မဟာရန်ကုန် မြို့ပြသယ်ယူပို့ဆောင်ရေး စီမံကိန်း (YUTRA) အတွက် အမေရိကန်ဒေါ်လာ ၂၅ ဘီလျံ ကုန်ကျမည်ဖြစ်ကြောင်း JICA မှ လေ့လာရေး အဖွဲ့ခေါင်းဆောင် မစ္စတာ တာကာရှိရှိုးယာမက ပြောကြားသည်။

မဟာရန်ကုန် မြို့ပြသယ်ယူပို့ဆောင်ရေး မဟာဗျူဟာ စီမံကိန်းနှင့် ပတ်သက်သည့် အများပြည်သူသို့ ပွင့်လင်းမြင်သာစွာချပြခြင်း အစည်းအဝေးတွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“မဟာစီမံကိန်း တစ်ခုလုံးစာ အကောင်အထည် ဖော်မယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်၊ ရေတို၊ ရေလတ်၊ ရေရှည်စီမံကိန်း အားလုံးအတွက်ဆိုရင် အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း ၂၅၀၀ လောက်ရှိပါတယ်။ ၂၅ ဘီလျံ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အခြားပုဂ္ဂလိက လုပ်ငန်းတွေနဲ့ BOT ဆောင်ရွက်မယ်ဆိုရင် ၁၆ ဘီလျံအထိ လျှော့ချနိုင်မယ်” ဟု မစ္စတာ တာကာရှိရှိုးယာမက ဆိုသည်။

အဆိုပါ စီမံကိန်းကို ရေတို၊ ရေလတ်၊ ရေရှည်စီမံကိန်းဟူ၍ သတ်မှတ်ထားပြီး ရေတိုစီမံကိန်း ၂၀၁၈၊ ရေလတ်စီမံကိန်း ၂၀၂၅၊ ရေရှည်စီမံကိန်း ၂၀၃၅ အထိ သတ်မှတ်ထားကြောင်း သိရသည်။

“ဒီစီမံကိန်းမှာ အဓိကဦးစားပေးမယ့် အဆင့်တွေကို ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီနှစ်အစောပိုင်းမှာ သွားလာရေးနဲ့ ယဉ်ကြောဆိုင်ရာ စစ်တမ်းများကို ကောက်ယူခဲ့တဲ့အခါမှာ အိမ်ထောင်စုပေါင်း ၁၁၀၀၀ ကျော်ကို စစ်တမ်းကောက်ခဲ့တယ်။ လူဦးရေကလည်းပဲ မကြာမီမှာ သိသိသာသာ တိုးတက်လာမယ်။ လက်ရှိရန်ကုန်မြို့လယ်ရဲ့ လူဦးရေဟာ ၅ ဒသမ ၇ သန်းခန့်မှန်းတယ်။ ၂၀၃၅ မှာ ၉ ဒသမ ၇ သန်းရှိမယ် ခန့်မှန်းထားတယ်။ ဒါဆိုရင် ခရီးသွားလိုအပ်ချက် ပိုတိုးလာမယ်။ ခရီးသွားလာမှုဟာ အခုအချိန်မှာ ၁၁ သန်းရှိရာကနေ ၂၀၃၅ မှာ ၁၉ ဒသမ ၅ သန်းရှိလာမှာမို့ သန်း ၂၀ လောက်တိုးလာမယ်။ ဒါဟာ ၁ ဒသမ ၈ ဆတိုးတက်လာတယ်။ လူနေထူထပ်လာမယ့် နေရာတွေမှာ အများပြည်သူ သယ်ယူပို့ဆောင်မယ့် လိုအပ်ချက်က လိုအပ်လာမှာဖြစ်တယ်” ဟု ယင်းကဆက်လက်ပြောကြားသည်။

ထို့ပြင် ရန်ကုန်မြို့၏ အချက်အချာကျသော နေရာများနှင့် အဓိကလမ်းမများတွင် ယာဉ်ကြောပိတ်ဆို့မှု လျှော့ချရေးစီမံကိန်း၊ ယာဉ်ရပ်နားမှု အဆင့်မြှင့်တင်ခြင်း၊ ယာဉ်အန္တရာယ်ကင်းရှင်းမှု ငါးနှစ်အစီအစဉ်တို့ကို ယာဉ်ကြောစီမံခန့်ခွဲမှုဆိုင်ရာ စီမံကိန်းများအဖြစ် အဆိုပြုထားကြောင်း သိရသည်။

ယာဉ်ကြောပိတ်ဆို့မှု လျော့ကျစေရန်အတွက် ဦးစားပေးအဆင့် သုံးရပ်ဖြင့် ရန်ကုန်တိုင်း အစိုးရအဖွဲ့မှ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်က ယင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။

JICA နှင့် မြန်မာအစိုးရတို့အကြား အဆိုပါစီမံကိန်း၏ ကုန်ကျစရိတ်အတွက် မည်သို့ဆောင်ရွက်မည်ကို ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ယင်းကဆိုသည်။


Source : YUTRA and EMG

ရန်ကုန် ယာဉ်ကြာကြပ်တည်းမှု ကပ်ဆိုးကို စက်ဘီးဖြင့် ဖြတ်သန်းခြင်း (၁)

ရန်ကုန်က ယာဉ်ကြောကြပ်တည်းမှု ပြဿနာ

ရန်ကုန် ယာဉ်ကြာကြပ်တည်းမှု ကပ်ဆိုးကို စက်ဘီးဖြင့် ဖြတ်သန်းခြင်း (၁)

  
By Douglas Long

ပြီးခဲ့တဲ့အပါတ်က ရန်ကုန်မြို့ပြင်မှ မြို့တွင်းသို့ (၁၃)မိုင် စက်ဘီးစီးနင်းပြီးတဲ့ တစ်မနက်မှာ ကျနော် ဒီအက်ဆေး/ရင့်ဖွင့်စာကို ရေးဖြစ်ခဲ့ပါတယ်။ အဲဒီ စက်ဘီးစီးလာခဲ့တဲ့ခရီးစဉ်အတွင်း ခပ်ဆိုးဆိုး ယာဉ်မောင်းတွေရဲ့ ကားတွေက ကျနော့်ကို (၅) ကြိမ် (၆)ကြိမ်လောက် တိုက်မိမလို ဖြစ်ခဲ့ပါတယ်။ ဒီအက်ဆေးဟာ ရန်ကုန်မှာ စက်ဘီးစီးကြတဲ့ အခြားသူတွေအတွက်တော့ ထူးဆန်းတဲ့ ကိစ္စတစ်ခု ဖြစ်ချင်မှ ဖြစ်မယ်။ ဒါပေမယ့် ဒီရင်ဖွင့်စာမှာ ရန်ကုန်မှာ ကျွန်တော် ကြုံခဲ့ရတဲ့ စိတ်ရှုပ်ထွေးစရာ ကောင်းတဲ့ ကိစ္စတွေကို အများနားလည်အောင် အားထုတ်ထားပါသည်။

ရန်ကုန်မှာ စက်ဘီးစီးသင့်တဲ့ အချက်တွေအထဲက တစ်ခုက တစ်နေ့ထက်တစ်နေ့ ပိုပိုဆိုးလာတဲ့ ယာဉ်ကြောကြပ်တည်းမှုကနေ ကင်းလွတ်ပြီး၊ သင့်ကို နှောင့်နှေးမှု မရှိ ခရီးသွားလာနိုင်ခြင်းပါ။ ဒါပေမယ့် စက်ဘီးစီးသူတစ်ဦး ဖြစ်မှုကြောင့် ရန်ကုန်ကားကြပ်ရတဲ့ အကြောင်းရင်းတွေထဲ ဒီလိုလူမျိုးတွေကြောင့်လည်း ပါတယ် ဆိုပြိး၊ လက်ညှိုးထိုး ခံရနိုင်ပါသေးတယ်။ ရန်ကုန်ကားကြပ်ရတာ လမ်းပေါ်မှာ ကားတွေ များလာတာ တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ ရန်ကုန်မြို့ခံတွေရဲ့ အံ့သြစရာ ကောင်းလောက်အောင် ရိုင်းပြတဲ့၊ အတ္တဦးစားပေးတဲ့ ယာဉ်မောင်းနှင်မှု အလေ့အထလည်း ပါပါတယ်။

ရန်ကုန်မြို့က ကားမောင်းသူ အတော်များများကြားမှာ ကျင့်သုံးတဲ့ အဘိဓမ္မာက ယာဉ်မောင်းနှင်ချိန် (၃)စက္ကန့်လောက် လျော့ဘို့ဆိုရင် လိုအပ်တာ ဘာဘဲလုပ်လုပ် တရားတယ် ဆိုတဲ့ အဘိဓမ္မာပါ။ တကယ်လို့များ အဲဒီလို အလျင်လိုမှုကြောင့် လူတွေ၇ဲ့ အသက်အန္တရာယ်ကို ထိခိုက်လာမယ် ဆိုတာမျိုး၊ တစ်ခြားလူတွေ ပိုဒုက္ခရောက် နှောင့်နှေးကုန်တာမျိုး၊ ပါတ်ပါတ်လည် ကိုက်(၅၀၀) လောက်ထိ ကားတွေ ပိတ်ကုန်မယ် ဆိုတာမျိုး ရှိခဲ့ရင်တောင်မှ ဒီအဘိဓမ္မာက ဘယ်သူ့ကိုမှ ဂရုမစိုက်ဘို့ သူတို့ကို သွန်သင်ပါတယ်။

မြို့တော် ယာဉ်ထိန်းရဲ အကုန်လုံးနီးပါးလောက်ဟာ ဒီပြဿနာတွေကို ဖြေရှင်းဘို့ရာ ဘယ်လိုမှ အသုံးမ၀င်သလို ယာဉ်ထိန်း နည်းပညာ ကျွမ်းကျင်မှုမှာလည်း ပြဿနာရှိပါတယ်။ ဒီကိစ္စဟာ ဖြေရှင်းရမယ်၊ ငါတို့မှာ တာဝန်ရှိတယ်လို့ တစ်ချို့ရဲတွေကတော့ ခံယူကြတာမျိုး ရှိနိုင်ပေမယ့်၊ အများစုကတော့ လမ်းထောင့်တွေမှာ ရပ်၊ ၀ီစီ တစ်ရွှီရွှီ မှုတ်ရုံနဲ့ ဒီကားပိတ်ဆို့မှုတွေကို မျက်လှည့်ဆန်ဆန် အပ်ချလောင်းဆိုပြီး ရှင်းထုတ်နိုင်လိမ့်မယ်လို့ ထင်မြင်နေကြပုံ ရပါတယ်။ တကယ်တမ်းကျတော့ သူတို့ ဒီလို လုပ်နေတာဟာ ပါတ်ဝန်းကျင်ကို အသံညစ်ညမ်းစေမှုတွေသာ ပိုဖြစ်စေပြီး၊ သူတို့ကို ကြည့်ရတာ အတော် ကိုးရိုးကားယား နိုင်ပါတယ်။

ကမ္ဘာတစ်လွှား မြို့ပြ စီမံကိန်း ပညာရှင်တွေက စက်ဘီးစီးနင်း ခရီးသွားလာမှုဟာ လူတွေကို ယာဉ်ကြော ကြပ်တည်းမှုမှ ကျော်လွှားနိုင်ရုံတင် မကဘဲ တကယ်လို့သာ လူတွေကို သူတို့ကားတွေကိုထဲက ထွက်ပြီး၊ စက်ဘီးခြေနင်းတွေအပေါ် ပိုမို အားကိုးကြဘို့ တိုက်တွန်းနိုင်မယ် ဆိုရင် အဲဒီယာဉ်ကြောကြပ်တည်းမှုကိုပါ လျှော့ချနိုင်တယ်လို့ လေ့လာ တွေ့ရှိခဲ့ကြပါတယ်။
 

 အတိုချုံ့ ဆိုရရင် တကယ်လို့ သင်က စက်ဘီးစီးနင်းကြဘို့ တိုက်တွန်းမယ်ဆိုရင် နောက်ထပ်လူတွေ စက်ဘိးစီးလာကြမယ်။ လူတွေများများ စက်ဘီးစီးလာကြရင် လမ်းပေါ်က ကားတွေလည်း လျော့ကုန်မှာပါ။

အမေရိကန်တစ်လွှား မြို့ကြီးများရဲ့ လူနေမှု အဆင့်အတန်း တိုးတက်လာဘို့ အားစိုက်လှုပ်ရှားနေတဲ့ အမေရိကား စမတ်ကျကျ တိုးတက်စေရေး ဆိုတဲ့ နိုင်ငံလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ၀က်ဘ်ဆိုဒ်မှာ ဒီလို ရေးထားပါတယ်။

“လမ်းတွေကို ကားများအတွက်သာ သီးသန့် ဒီဇိုင်းလုပ်ထားခြင်းသည်
လမ်းလျှောက်ခြင်း၊
စက်ဘီးစီးခြင်းနဲ့
လူထုသယ်ယူပို့ဆောင်ရေးယာဉ်များကို အသုံးပြုခြင်း
စတဲ့ ပိုမို ဘေးအန္တရာယ် ကင်းရှင်းသော နည်းလမ်းများဖြင့် ခရီးသွားလာခြင်းကို
ရွေးချယ်စရာ အခွင့်အလမ်းများကို ဆုံးရှုံးစေပါသည်”……တဲ့။

လူတွေကို သူတို့ ကားတွေထဲက ထွက်လာစေဘို့ ယေဘုယျ သုံးကြတဲ့ နည်းလမ်းတစ်ခုက မြို့ပြ စီမံကိန်းတွေမှာ စက်ဘီးသီးသန့်လမ်းတွေ ထည့်သွင်း ရေးဆွဲခြင်းပါ။

သုတေသန ပညာရှင် Ralph Buehler နဲ့ John Pucher တို့က အမေရိကန် မြို့ပြ(၁၀၀)မှ (၉၀)အား သုတေသန တစ်ခုလုပ်ခဲ့ပြီး၊ ဒီဆန်းစစ်ချက်ကို ၂၀၁၁-ခုနှစ်မှာ ပုံနှိပ်ဖြန့်ဝေခဲ့ပါတယ်။ ဒီလေ့လာချက်အရ စက်ဘီးစီး သီးသန့်လမ်းတွေ ပိုလုပ်ပေးနိုင်တဲ့ မြို့တွေမှာ စက်ဘီးစီးနင်း ခရီးသွားလာမှု ပိုများပါတယ်။

နောက် လေ့လာချက်တွေအရ စက်ဘီးစီးလမ်း ရှိတဲ့ မြို့တွေမှာ ယာဉ်ကြောကြပ်တည်းမှု ဟာ ပိုမို နည်းပါးပြီး၊ စက်ဘီးလမ်း ဖြတ်သန်းသွားတဲ့ စီးပွားရေး ရပ်ကွက်တွေမှာ လုပ်ငန်းကိုင်ငန်းတွေ ပိုဖြစ်ထွန်းတာ တွေ့ရတယ်။

ကံအကြောင်းမလှစွာပဲ ရန်ကုန် ယာဉ်ထိန်းတပ်ဖွဲ့ နဲ့ မြို့တော် စည်ပင်သာယာရေး ကော်မီတီ တို့ဟာ ဒီအသိကို နားလည်နိုင်စွမ်း မရှိသူတွေအထဲ အပါအ၀င် ဖြစ်နေတယ်။

ရန်ကုန်မှာ စက်ဘီးစီးနင်းတာနဲ့ ပါတ်သက်ပြီး အမြဲတမ်း သူတို့မှာ ခေတ်နောက်ပြန်ဆွဲတဲ့ ချဉ်းကပ်မှု ရှိပြီး၊ အဲဒီ နည်းတွေကို ဖက်တွယ်ထားဆဲပါဘဲ။

ယာဉ်ကြောတွေ ပိုကြပ်လာလား ? ဘာလို့ ကြပ်တာလဲဟေ့၊ စက်ဘိးသမားတွေ မစီးစေနဲ့။ ကားကြပ်တဲ့ နေရာတွေမှာ လူတွေကို မော်တော်ကားတွေကိုပဲ စီးဘို့ ဦးတည်ချက်ထား ဆောင်ရွက်ကြ။
သူတို့ပြောတဲ့ အဲဒီကားကြပ်တဲ့ နေရာတွေဟာ ပိုပြိးတိတိကျကျ ဆိုရရင် ယာဉ်ကြောပိတ်ဆို့မှု အဆိုးဆုံးနေရာတွေပေါ့။

၂၀၀၃-ခုနှစ် ဇူလိုင်(၅)ရက်နေ့မှာ ရန်ကုန် ယာဉ်ထိန်းတပ်ဖွဲ့ကနေ အဓိက လမ်းမကြီးများပေါ်တွင် စက်ဘီး စီးနင်းခြင်း မပြုရ လို့ စည်းကမ်းထုတ်ပြန်လိုက်ပါတယ်။ အဲဒီလမ်းတွေကတော့ ပြည်လမ်း၊ ကမ္ဘာအေး ဘုရားလမ်း၊ ဦးဝိစာရလမ်း၊ တက္ကသိုလ်ရိပ်သာလမ်း နဲ့ ကန်တော်ကြီး ပါတ်လမ်းတို့ပါ။

ယုတ္တိဗေဒသဘောအရ စဉ်းစားလျှင် မြို့လည်ခေါင် ရပ်ကွက်တွေဟာ ယာဉ်တွေကို ပိုမို ကန့်သတ်ပြီး၊ လူတွေကို မော်တော်ယာဉ် အသုံးပြုမှု လျှော့ချဘို့ ဦးတည်လုပ်ဆောင်ရမယ့် နေရာတွေပါ။ ဒီ့အစား ယာဉ်ကြော ပိတ်ဆို့ ကြပ်တောက်နေတဲ့ နေရာတွေမှာ စက်ဘီးစီးခြင်းကို တားမြစ်လိုက်ပါတယ်။

ဒီဧရိယာဟာ မြောက်ဘက်မှာ ဗိုလ်ချုပ်အောင်ဆန်းလမ်း အစအဆုံး၊ တောင်ဘက်မှာ ကုန်သည်လမ်း၊ အနောက်ဘက်မှာ ဘုန်းကြိးလမ်း နဲ့ အရှေ့ဘက်မှာ ဗိုလ်အောင်ကျော်လမ်း တို့ဖြင့် ဘောင်ကွပ်ထားသော ဧရိယာပါ။

ဥပဒေ ရှေနောက် မညီတာ တစ်ခုက မြို့ထဲသို့ ဦးတည်လမ်းတွေမှာ ၂၄-နာရီလုံး စက်ဘီးစီးနင်းခြင်းကို တားမြစ်ထားပြီး၊ အဲဒီ မြို့လည်မှာတော့ ဒီဥပဒေဟာ မနက်(၅)နာရီကနေ ည(၁၁)နာရီအတွင်းသာ သက်ရောက်ပါတယ်။

ရန်ကုန်မှာ ယာဉ်ကြောပိတ်ဆို့မှု တစ်နေ့တစ်ခြား ဆိုးလာပေမယ့် ဒီအတွေးအခေါ်ကတော့ မပြောင်းလဲပဲ တည်ရှိဆဲပါဘဲ။ နည်းနည်းလေးတောင် မပြောင်းပါဘူး။

ဒီလ စောစောပိုင်းမှာ ရန်ကုန် မြို့တော် ပြောရေးဆိုခွင့် ရှိသူတစ်ဥိးက မြန်မာတိုင်း(မ်) ဂျာနယ်ကို အခုလို ရှင်းပြပါတယ်။

“ရန်ကုန်ဟာ မန္တလေး လို စက်ဘီးမြို့တော် မဟုတ်တဲ့အတွက် စက်ဘီးစီးသူတွေကို ခွင့်ပြုဘို့ ဘာအစီအစဉ်မျှ မရှိပါဘူး”

သူပြောတဲ့ ပြောင်မြောက်တဲ့ အတွေးအခေါ်ကို ကျနော်တို့ အခြားနယ်ပါယ်တစ်ခုမှာ သွားသုံးကြည့်ရအောင်။

လူနာ : ဆရာ…ကျနော့် ကင်ဆာကျိတ်ကို ခွဲစိပ်ဘို့ ဘာတွေ စီစဉ်ထားပါသလဲ …ဆရာ

ဆရာဝန် : ခင်ဗျားက ကင်ဆာ ဖြစ်နေပြီးသားလူလေ...။ ခင်ဗျား ကင်ဆာ အကျိတ်လုံးကို ခွဲစိပ်ဘို့ ကျနော် ဘာမျှ စီစဉ်စရာ မလိုပါဘူး။

လူနာ : ဗျာ…..!!!! ….

ရန်ကုန် ယာဉ်ကြာကြပ်တည်းမှု ကပ်ဆိုးကို စက်ဘီးဖြင့် ဖြတ်သန်းခြင်း (၂)

ရန်ကုန်က ယာဉ်ကြောကြပ်တည်းမှု ပြဿနာ
---------------------------------------------
ရန်ကုန် ယာဉ်ကြာကြပ်တည်းမှု ကပ်ဆိုးကို စက်ဘီးဖြင့် ဖြတ်သန်းခြင်း (၂)
--------------------------------------------------------------------------
By Douglas Long

အခြား YCDC အရာရှိ တစ်ဥိးဖြစ်တဲ့ လမ်းတံတား အင်ဂျင်နီယာ ဌာနက လက်ထောက် ညွှန်ကြားရေးမှူး ဖြစ်တဲ့ ဦးမျိုးမင်းက အနည်းဆုံး နောက်(၃)နှစ်အထိ ရန်ကုန် ယာဉ်ကြော စီမံမှုတွေထဲမှာ စက်ဘီးစီးနင်းသူတွေအတွက် အစီအစဉ် မရှိပါဘူးလို့ ဆိုပါတယ်။

“ကျနော်တို့ မြို့တော် လမ်းတွေကို အခုထက် ပိုတိုးတက်လာအောင် လုပ်နေပါတယ်။ ဒါပေမယ့် စက်ဘိးတွေအတွက် သီးသန့်လမ်းတွေ ပါမယ်ဆိုတာတော့ မသေချာဘူး”

အခုလောလောဆယ်တော့ ကျနော်တို့လို ရန်ကုန်မှာ စက်ဘီးစီးသူတွေဟာ လက်ရှိ အခြေအနေမှာဘဲ ဆက်သွားနေရမှာပါပဲ။ တစ်ပါတ်ကို (၇)နာရီ၊ (၈)နာရီလောက် ရန်ကုန်တစ်ခွင် စက်ဘိးစီးရင်း နဲ့ ကျနော် အချိန်ကုန်ဆုံးပါတယ်။ ကျနော်က အင်းစိန်မှာ နေပြီး၊ အလုပ်က မြို့လည်မှာပါ။ ကျနော် ခရီးစဉ်ဟာ ၂၁-ကီလိုမီတာ(၁၃-မိုင်) ရှိပါတယ်။ တစ်ပါတ်(၅)ရက် ကျနော် စက်ဘီးနဲ့ ရုံးတက်ပါတယ်။ ဒီခရိးစဉ်အတွက် ကျနော် (၄၅)မိနစ်ကနေ(၅၀)မိနစ်လောက် အချိန်ယူရပါတယ်။ ဒါပေမယ့် ဒီခရိးစဉ်ကိုဘဲ Taxi စိးရင် ဒီထက် (၂)ဆ ပိုကြာပါတယ်။ အထူးသဖြင့် ရုံးတက်ချိန် မနက်ခင်းတွေမှာပေါ့။

ဗမာပြည်ကို မရွှေ့လာခင်တုန်းက ကျနော် လော့စ်အိန်ဂျလီးစ်မှာ (၁၀)နှစ် နေခဲ့ပါတယ်။ နယူးယောက်မှာ (၃)နှစ် မနေခင်ပေါ့။ နှစ်မြို့စလုံးမှာ ကျနော် နေ့တိုင်းလိုလို စက်ဘီးစီးပါတယ်။ ဒီ(၁၃)နှစ်လုံးလုံး ကျနော် ကြုံခဲ့ရတဲ့ လက်မတင် အန္တရာယ်ကြုံရမှု စုစုပေါင်းက ရန်ကုန်မှာ တစ်ပါတ်အချိန်ကါလအတွင်း ကြုံရတဲ့ ခပ်ဆိုးဆိုး ယာဉ်မောင်းတွေရဲ့ စံချိန်ကို မမှီသေးပါဘူး။

ရန်ကုန်မှာ စက်ဘီးပေါ် တက်ထိုင်မိတဲ့ ဘယ်သူမဆို ယာဉ်သွားလမ်းကို နားမလည်တဲ့၊ သို့မဟုတ် ကြိုတင် အချက်မပြဘဲ ရုတ်ချည်းယာဉ်ကြောပြောင်းတဲ့၊ ကွေ့ချလိုက်တဲ့ ၊ သို့မဟုတ် လမ်းပြောင်းပြန်မောင်းတာကို ဂုဏ်ယူနေတဲ့ ရူးနှမ်းတဲ့ ယာဉ်မောင်းတွေနဲ့ ကြုံရပါလိမ့်မည်။ အဆိုးဆုံးကတော့ ဘတ်(စ)ကား ယာဉ်မောင်းတွေပါဘဲ။ သူတို့အဘို့ နောက်မှတ်တိုင်မရောက်မီ အခြား ယာဉ်မောင်းကို ကျော်တက်လိုက်ဘို့က အသက်ထက်တောင်မှ ပိုအရေးကြီးပါတယ်။

နောက် ယာဉ်မောင်းတွေ သိထားသင့်တဲ့အချက်က - အကယ်၍ မြို့တွင်းလမ်းများတွင် ခြေလျင်လျှောက်သူတစ်ဦးသည် ရှေ့ကိုက် (၁၀၀)တွင် လမ်းဖြတ်ကူးနေပြီး၊ အခြားတစ်ဘက်သို့ ရောက်ရန် (၄)ပုံ (၃)ပုံ ခရီးရောက်ပြီး ဖြစ်ပါက၊ ထိုသူအား မိမိယာဉ် လာနေကြောင်း ဟွန်းတီး အသိပေးရန်မလိုပါ။ သင်ထိုနေရာသို့ ရောက်ရှိချိန်တွင် အဆိုပါ လမ်းဖြတ်ကူးသူသည် သူခရီးသို့ ရောက်ရှိပြိး ဖြစ်ပြီး၊ သင်၏ လမ်းကြောင်းပေါ်တွင် ရှိတော့မည် မဟုတ်ပါ။

သေချာစွာ ချိန်ထိုးတွက်ဆပြီး ဟွန်းကို အသုံးပြုနိုင်ပါသည်။ သို့သော် လမ်းပေါ်က ရူးနှမ်းနေသည့် ယာဉ်မောင်းများသည် အရိပ်မြင်တိုင်းသာ ဟွန်းတီးနေပါက ဟွန်းသည် အဆင့်လျှောကါ မြို့ပြ ဆူညံမှုများ၏ နောက်ခံအသံ တစ်ခုသာ ဖြစ်သွားပြီး၊ မည်သူကိုမျှလည်း မည်သည့်ဆက်သွယ်မှုမျှ မလုပ်နိုင်တော့ပါ။

လမ်းလျှောက်သူတွေဟာလည်း နောက်ထပ် ဂရုစိုက်ရမည့် အချက်ထဲ ပါပါတယ်။ သူတို့က တစ်ခါတစ်လေဆို ကားမောင်းတဲ့ သူတွေထက်တောင် ပိုခန့်မှန်းရ ခက်ပါတယ်။ ကျနော် ကြုံခဲ့ဘူးတဲ့ လူတစ်ချို့ဟာ ပလက်ဖောင်းပေါ် ရပ်ပြီး၊ ကျနော်စက်ဘီးစိးလာတာကို စောင့်ကြည့်နေတာ တစ်ဖြည်း ဖြည်း နီးလာတဲ့အထိပါဘဲ။ ကျနော့်စက်ဘီးနဲ့ (၂)ကိုက်အလိုလောက် ကွာတော့မှ သူတို့က ဒီအချိန်ဟာ ပလက်ဖောင်းပေါ်ကဆင်း ကျနော့်စက်ဘီးရှေ့ကနေ လမ်းစကူးဘို့ မှန်ကန်တဲ့ အချိန်ဘဲလို့ ဆုံးဖြတ်လိုက်ပါလေရော။

ရှေ့လှမ်းလိုက်၊ နောက်ဆုတ်လိုက်၊ ပြိးရှေ့ပြန်တိုး၊ တစ်ခါရပ်နေလိုက်၊ နောက်ပြန်ဆုတ်၊ ပြီး ရှေ့ ပြန်တိုးနဲ့ သူတို့ ဘာလုပ်မယ်ဆိုတာ ခင်ဗျား ဘယ်လိုမှ မတွေးဆနိုင်တော့တဲ့ ရှဥ့်လူသားတွေလည်း ရှိတတ်သေးတယ်။

အခြား ကြုံလေ့ရှိတာ တစ်ခုက ကားတွေ လာနေတဲ့အရပ် နဲ့ ဆန့်ကျင်ဘက်ကို သေသေချာချာ စူးစိုက်ကြည့်ရင်း လမ်းကူးကြတဲ့ သူတွေပါ။ သူတို့ရဲ့ အမူအကျင့်ကို ကျနော် ဘယ်လိုမှ ကျိုးကြောင်းဆီလျော်စွာ ရှင်းမပြတတ်ဘူး။ (သူတို့ဟာ အချိန် ယန္တရားတစ်ခုပေါ်မှာ ခရီးသွားနေကြတဲ့ အတိတ်ကါလတစ်ခုက လူတွေလား ? ဒါမှမဟုတ် ဗမာပြည်ဟာ လက်ဝဲမောင်းစံနစ် ကျင့်သုံးနေဆဲ ၁၉၆၁-ခုနှစ်လို့ ထင်နေကြတုန်းလား ?)

မျှော်လင့်မထားတွေကိုလည်း ကြုံရဘို့ ကြိုတွေးထားရတယ်။ လွန်ခဲ့တဲ့ (၂)ပါတ်လောက်က မီးနီတာကို စောင့်ရင်း ကျနော် စက်ဘီးရပ်ထားချိန် ယာဉ်ကြောကြားထဲက ဘတ်(စ)ကားကို ပြေးတက်ဘို့ ကြိုးစားတဲ့ ခရီးသည် တစ်ယောက်ဟာ ကျနော်ကို အားနဲ့ ပစ်ဆောင့်တိုက်လိုက်ပါတယ်။ ရုတ်ချည်းမို့ ကျနော့် ကိုယ် ကျနော် လွင့်မသွားအောင် ကာကွယ်ရင်း ညာဘက်က ရပ်ထားတဲ့ ကားပေါ် လက်ထောက် အားပြုလိုက်ရပါတယ်။ အဲဒီလူဟာ ကျနော့်ဆီကနေ ပြန်ကန်ထွက်သွားပြီး၊ ဆောရီးလို့ ရေရွတ်ကါ ဘယ်ကိုမှမမြင် ဘတ်(စ)ကားဆီ ဆက်ပြေးသွားပါတယ်။ အခု ဒီစာရေးနေချိန်ထိ အဲဒီဘက် ပုခုံးက နာနေတုန်း။

အခြား ခြေနင်းတံကို အသုံးပြုသူတွေကလည်း ခေါင်းကိုက်စရာပါ။ သူတို့ဟာလည်း ယာဉ်မောင်းတွေလိုဘဲ ခန့်မှန်းရ ခက်တယ်။ ဒါပေမယ့် အရှိန်က မများဘဲ သေစေလောက်တဲ့ အားလည်း မရှိပါ။

ဆိုက်ကားဆရာတွေအပါအ၀င် စက်ဘီးစီးနင်းသူတွေဟာ ယာဉ်အားလုံးထဲ အနှေးဆုံးယာဉ်တွေ ဖြစ်ပါလျက်နဲ့ မီးစိမ်းဘို့ အားလုံးစောင့်ဆိုင်းနေချိန်မှာ တန်းစီထားတဲ့ယာဉ်တန်းကိုကျော်ပြီး၊ ဘာလို့ ရှေ့ဆုံးမှာ ရောက်ချင်နေရသလဲဆိုတာ တော်တော့ကို စဉ်းစားရခက်ပါတယ်။

စက်ဘီးသီးသန့် ယာဉ်ကြောရှိတဲ့ မြို့တစ်မြို့ နဲ့ ယာဉ်ကြောအသုံးပြုသူများကို စံနစ်တကျ ထိန်းကျောင်းပေးဘို့ အရည်အချင်းပြည့်ဝသောရဲများ ခန့်ထားပေးဘို့ဆိုတာ တကယ်တမ်းတော့ ကြီးကျယ်တဲ့ ကိစ္စတစ်ခု မဟုတ်ပါ။

(ဤအက်ဆေးသည် Myanmar Times ဂျာနယ်၏ “Wheel in Motion” ဟူသော အချပ်ပို ကဏ္ဏတွင် အနည်းငယ် ကွဲပြားသော ပုံစံဖြင့် ဖော်ပြပြီးဖြစ်သည်။ မူရင်း စာရေးသူ)
===================================

Disclaimer : ဤအက်ဆေးတွင် ပါဝင်သော အကြောင်းအရာများသည် မူရင်းရေးသားသူ၏ အာဘော်သာဖြစ်ပြီး၊ Myanmar Road and Transport စာမျက်နှာ၏ သဘောထားကို အပြည့်အ၀ ထင်ဟပ်စေခြင်း မရှိပါ။

ဤဆောင်းပါးကို ဖော်ပြခြင်းသည် စက်ဘီးများအား စီးနင်းခွင့်ပြုသင့်သည်ဟု တိုက်တွန်းလိုခြင်း မဟုတ်ပါ။ ရုတ်တရက် ခွင့်ပြုလိုက်လျှင် ၀ရုန်းသုန်းကါး အခြေအနေတစ်ခုကို ရင်ဆိုင်ရနိုင်ပါသည်။

သို့သော် နောင်ဆက်လက်တိုးချဲ့မည့် မြို့ပြ အစီအစဉ်များ၊ လမ်းတည်ဆောက်မှုများတွင် စက်ဘီးစီးလမ်းများ၊ စက်ဘီးသီးသန့် ယာဉ်ကြောများကို မဖြစ်မနေ ထည့်သွင်းရန် စတင်စဉ်းစားကြသင့်ပြီဟူသော သဘောတွင် တိုက်ဆိုင်၍သာ ကြိုးစားဘာသာပြန်ကာ တင်ပြပေးခြင်း ဖြစ်ပါသည်။

ဘာသာပြန်ဆိုမှု အချို့သည် မသင့်တော်ဟု ထင်ပါက မူရင်းအက်ဆေးအား ကိုးကားသင့်ပါသည်။ ပုံနှိပ်မီဒီယာတွင် ထည့်သွင်းဖော်ပြလိုပါက မူရင်း အင်္ဂလိပ်ဘာသာဆောင်းပါးပိုင်ရှင်အား Myanmar Times ဂျာနယ်မှ တဆင့် ဆက်သွယ်ကါ တရားဝင် ခွင့်ပြုချက် ရယူသင့်ပါသည်။

Our Perspectives :
ပြည်တွင်းဖြစ် နည်းစံနစ်များသည် လက်တွေ့လေ့လာဆန်းစစ်ချက်များ မပါဘဲ အလုပ်ဖြစ်မည်ဟု မမျှော်လင့်နိုင်ပါ။

နိုင်ငံတကာ ၏ ခြေဖျားလောက်မှီရန် ခရီးစဉ်က ရှည်လျားလွန်းသည်။

လမ်းသည် အခါခပ်သိမ်း လူများနှင့် ပြည့်နေသည် မဟုတ်။ ထိုသူများ ပစ်ချထားသော စိတ်ဓါတ်အမှိုက်များကသာလျှင် ဤလမ်းကို သွားဘို့ ခက်ခဲစေခြင်း ဖြစ်သည်။

Myanmar Road and Transport