Sustainable Transport Magazine, ITDP ( Institute for Transportation and Development Policy )
U.S နှင့် အီရန်အကြား အမျိုးသားအဆင့် တင်းမာမှုများ ရှိလင့်ကစား၊ မြို့ပြနယ်ပယ်တွင် နှစ်နိုင်ငံစလုံးမှ ပညာရှင်များအကြား အတွေ့အကြုံနှင့် ပညာရပ်များကို ဖလှယ်ကြသော ပေါင်းကူးဆက်ဆံမှုက ရှိနေခဲ့ပါသည်။
ဤကဲ့သို့ နည်းပညာ နှင့် အတွေ့အကြုံပိုင်းဆိုင်ရာ ကူးလူးဆက်ဆံမှုကတဆင့် ငြိမ်းချမ်းရေး နှင့် မိတ်ဘက် ဆက်ဆံမှုကို တိုးတက်စေရန် နှင့် နှစ်နိုင်ငံ ပြည်သူများအကြား ယဉ်ကျေးမှု နှင့် ရိုးရာဓလေ့ထုံးတမ်းများကို ပိုမို နားလည်စေရန် အထောက်အကူပြုလိမ့်မည်ဟု ယုံကြည်မိပါသည်။
ဝေါဟာရ ဖွင့်ဆိုချက်
(၁) လူထုသယ်ယူပို့ဆောင်ရေးစံနစ် (Public Transport System) : ရထားနှင့် ဘတ်(စ)ကားတို့ကဲ့သို့ တစ်ကြိမ်တည်းဖြင့် မြို့ပြခရီးသွားအများကို သယ်ယူပို့ဆောင်ပေးနိုင်သောစံနစ်။
(၂) BRT (Bus Rapid Transit) : သီးသန့်ဘတ်(စ)ကား တစ်မျိုးဖြစ်သည်။ မြေအောက်ရထားများကဲ့သို့ အခြေခံအဆောက်အအုံများ အကုန်အကျအများကြီးခံစရာမလိုဘဲ ပုံမှန်ဘတ်(စ)ကားစံနစ်ကို မွမ်းမံထားသော စံနစ်ဖြစ်သည်။ အဆိုပါစံနစ်တွင် သုံးစွဲသာယာဉ်များအား ယာဉ်ကြောပိတ်ဆို့မှု ပြဿနာမှ ကင်းလွတ်စေရန် သီးသန့်ကာရံထားသော ယာဉ်ကြောအတွင်း မောင်နှင်ပြေးဆွဲစေသည်။
(၃) Congestion Charging System - ယာဉ်ကြောကြပ်တည်းမှုအလိုက် လမ်းအသုံးပြုခ ကောက်ခံသောစံနစ် : GPS စံနစ်ဖြင့် ချိတ်ဆက်၍ ယာဉ်ကြောပိတ်ဆို့မှုကို ထောက်လှမ်းပြီး၊ အချိန်အပိုင်းအခြားတစ်ခုအတွင်း ယာဉ်ကြောအတွင်းဖြတ်သန်းသွားသော ယာဉ်စီးရေအပေါ်မူတည်ကါ လမ်းအသုံးပြုခ ကောက်ခံသောစံနစ်ဖြစ်သည်။ ထိုစံနစ်အား လက်ရှိ စင်္ကာပူတွင် သုံးစွဲလျက်ရှိသည်။
(၄) ITDP- The Institute for Transportation and Development Policy - သယ်ယူပို့ဆောင်ရေးနှင့် ဖွံ့ဖြိုးမှု မူဝါဒဆိုင်ရာ နိုင်ငံတကါ အဖွဲ့အစည်း
(၅) ITSRI- the Intelligent Transportation Systems Research Institute - AmirKabir University of Technology (AUT) အီရန် ၏ ဌာနခွဲတစ်ခုဖြစ်သည်။
(၆) CBD - Central Business District - မြို့လယ်ခေါင် စီးပွားရေးလုပ်ငန်းများ တည်ရှိရာ ရပ်ကွက်

နိဒါန်း
ရေနံကြွယ်ဝစွာထွက်ရှိတဲ့ အီရန် အကြောင်းပြောကြရင် ဂေဟမြို့ပြ သယ်ယူပို့ဆောင်ရေးစံနစ်ဟာ ကနဦးအတွေး ဟုတ်လိမ့်မယ် မထင်ပါဘူး။
လူတွေက ချမ်းသာ၊ လူအများစုက ကိုယ်ပိုင်ကားနဲ့ ။ ရေနံထွက်တဲ့ တိုင်းပြည်ဖြစ်လေတော့ လောင်စာဆီက အလျှံပါယ်။ ဂေဟစံနစ်ကို အထောက်အကူပြုမယ့် လူထုသယ်ယူပို့ဆောင်ရေးစံနစ်တွေဆိုတာ အထက်ပါအချက်များနဲ့ ဆန့်ကျင်ဘက်ပါ။ ဒါပေမယ့် ဒီယူဆချက်ကို ကျနော်တို့ အခု ပြောင်းလဲရမယ့် အချိန်ရောက်လာခဲ့ပါပြီ။
လူဦးရေ 7.2 သန်းရှိတဲ့ တီဟီရန်မြို့တော်ဟာ ခေတ်မီတဲ့ မြို့ပြသယ်ယူပို့ဆောင်ရေးစံနစ်တွေ၊ မြို့ပြလူနေမှုဘ၀ကို သဘာဝပါတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိစေမယ့် လူသွားစင်္ကြန်တွေ၊ စက်ဘီးသီးသန့်လမ်းတွေ တည်ဆောက်ရေးအပေါ် တိမ်းညွှတ်လာခဲ့တာကို ကျနော်တို့ မြင်နေခဲ့ရပါတယ်။ ဒါဟာ အာရပ်ကမ္ဘာမှာ အထင်ကရ မြိဲ့ပြ တီဟီရန်အတွက်တော့ အမြော်အမြင်ရှိတဲ့ ပြောင်းလဲမှုတွေပါဘဲ။
ယနေ့တီဟီရန်မှာ နေ့တစ်ဓူဝ မြို့တော်တွင်း ခရီးသွားလာနေကြတဲ့ ခရီးစဉ်ပေါင်းဟာ ၁၂-သန်း ရှိပါတယ်။
အခြားကမ္ဘာပေါ်မှာရှိတဲ့ မြို့ပြကြီးတွေမှာလိုဘဲ တီဟီရန်ဟာ ယာဉ်ကြောပိတ်ဆို့မှုဒဏ်ကို ခံစားနေရတဲ့ ဝေဒနာသည် မြို့ပြတွေထဲ အပါအ၀င်ပါ။ အခုတော့ မြို့တော်ကို အုပ်ချုပ်တဲ့ နိုင်ငံရေးသမားတွေက ဒီပြဿနာတွေကို ဖြေရှင်းဘို့ အသည်းအသန်ကြိုးစားနေကြပါတယ်။
၂၀၂၅-ခုနှစ်မှာ တီဟီရန်ဟာ မြို့တွင်းခရီးစဉ်ပေါင်း ၂၅-သန်းအထိ ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။ ရည်မှန်းချက်က ထိုမြို့ပြခရီးသွားလာမှု ၂၅-သန်း၏ ၇၅%ကို လူထုသယ်ယူပို့ဆောင်ရေးစံနစ်(သို့) အလားတူသယ်ယူပို့ဆောင်ရေးများက ၀န်ဆောင်မှုပေးနိုင်ဘို့ ပါ။
ရည်မှန်းချက်ကတော့ ရှိပါပြီ။ မေးခွန်းက ဒီ့အတွက် သူတို့ ဘာတွေ ပြင်ဆင်အကောင်အထည်ဖော်နေပါသလဲ ?
အခုလောလောဆယ်မှာတော့ BRT( Bus Rapid Transit) နဲ့ မြို့တော်အ၀ှန်း စက်ဘီးလမ်းကွန်ရက်တွေကို ချဲ့ထွင်နေပါတယ်။
ဒါ့အပြင် အာရပ်အသိုက်အ၀န်းမှာ ပထမဆုံးလို့ ဆိုရမယ့် Congestion Charging System ကိုလည်း စတင်နေပါပြီ။
အခုလို အပြောင်းအလဲတွေက ကမ္ဘာလုံးဆိုင်ရာ မြို့ပြ ဂေဟသယ်ယူပို့ဆောင်ရေးစံနစ်မှာ တီဟီရန်ကို ရှေ့တန်းရောက်လာစေပါတယ်။
တီဟီရန်၏ လူထုခရီးသွားစံနစ်
မြို့တော်ရဲ့ ရထားစံနစ်ဟာ အီရန် လူထုသယ်ယူပို့ဆောင်ရေးစံနစ်အတွက် သမိုင်းမှတ်တိုင် ပါဘဲ။
နှစ်ပေါင်းများစွာ ကြန့်ကြာမှုတွေနဲ့ ရင်ဆိုင်ရအပြီး၊
(၁၉၉၈)ခုနှစ်မှာ မြို့တော်အတွက် ပထမဆုံး ရထားသယ်ယူပို့ဆောင်ရေးစံနစ်ကို စတင်နိုင်ခဲ့ပါတယ်။
(၁၃)နှစ်ကြာပြီးတဲ့နောက် ဒီစံနစ်ဟာ မြို့ပြခရီးသွား(၁.၅)သန်းကို နေ့စဉ် ပို့ဆောင်ပေးနိုင်ခဲ့ပါပြီ။ ရထားလိုင်း(၄)လိုင်းထိ ချဲ့ထွင်လာနိုင်ခဲ့ပြီး၊ ရထားလမ်းအရှည်စုစုပေါင်း (၁၂၅)ကီလိုမီတာအထိ ရှိလာခဲ့ပါတယ်။
တီဟီရန် ရထားစံနစ်ဟာ တရုတ်နိုင်ငံပြီးရင် ကမ္ဘာပေါ်မှာ ဖွံ့ဖြိုးမှု အလျင်မြန်ဆုံးစာရင်းမှာ ပါပါတယ်။
(Target) ရည်မှန်းချက်က သက္ကရာဇ် ၂၀၂၅-မှာ လက်ရှိရထားလမ်းအရှည်ကို ၂၅၀% ထိချဲ့ထွင်ပြီး၊ 430-km အထိ ကွန်ယက်ချိတ်ဆက်သွားဘို့ပါ။
ထပ်တိုးရည်မှန်းချက်ကတော့ ကိုယ်ပိုင်ရထားနဲ့ ခေါက်တိုရထားငယ်များ(Trams) တွေကို ပြည်တွင်းမှာ ထုတ်လုပ်ပြီး၊ နိုင်ငံစီးပွားရေးကို အထောက်အကူ ပြုနိုင်ဘို့ပါ။

တီဟီရန် Metro
ဒါပေမယ့် အများပြည်သူ သယ်ယူပို့ဆောင်ရေးစံနစ်ကို စုစုပေါင်း မြို့တော်တွင်း ခရီးသွားလာမှု ရဲ့ ၇၅% အထိ တိုးဖို့ဆိုရင် ရထားစံနစ်တစ်ခုတည်းနဲ့ မလုံလောက်နိုင်ဘူးဆိုတာက မြို့တော်အတွက် အဓိက စဉ်းစားရမယ့် အချက်ပါဘဲ။
၂၀၀၆-ခုနှစ်မှာ မြို့ တော် အုပ်ချုပ်ရေးက အမီရ်ကဘားရ် နည်းပညာတက္ကသိုလ်မှာ ရှိတဲ့ စွမ်းရည်မြင့် သယ်ယူပို့ဆောင်ရေးစံနစ် သုတေသနဌာနကို အကူအညီတောင်းပါတယ်။
1920-ပြည့်လွန်နှစ်များကတည်းက တီဟီရန်မှာ ဘတ်(စ)ကားတွေ ပြေးဆွဲနေပါပြီ။ ဒါပေမယ့် ခေတ်တွေ နှစ်တွေ ပြောင်းလာတာနဲ့အမျှ အဲဒီဘတ်(စ)ကားကြီးတွေရဲ့ စွမ်းဆောင်ရည်နဲ့ ၀န်ဆောင်မှုကလည်း အလိုက်သင့် နိမ့်ကျလာခဲ့ပါတယ်။ ယာဉ်မျိုးစုံရောထွေးကြပ်တည်းနေတဲ့ တီဟီရန် လမ်းတွေပေါ်မှာ အိုမင်းနေတဲ့ ဘတ်(စ)ကားကြီးတွေဟာ ကြပ်တည်းရုန်းကန်နေကြရပါတယ်။ ရွေးချယ်စရာ မရှိတဲ့ဆင်းရဲသားတွေအတွက်တောင်မှ ဒီဘတ်(စ)ကားတွေဟာ နောက်ဆုံးရွေးချယ်စရာ ဖြစ်လို့ နေခဲ့ပါတယ်။

အဲဒီလို နောက်ခံအခြေအနေမျိုးမှာ ITSRI သုတေသနဌာနက လက်ရှိ လက်တင်အမေရိကားမှာ ခေတ်စားနေတဲ့ BRT စံနစ်ကို အစားထိုးစဉ်းစားဘို့ တင်ပြခဲ့တာပါ။
BRT ဟာ ဘတ်(စ)ကားတွေကို မြို့ပြယာဉ်ကြောကြပ်တည်းမှု ပြဿနာမှ ကင်းလွတ်စေပြီး၊ ဘတ်(စ)မစီးလိုတဲ့ လူတန်းစားအလွှာစုံကို ဆွဲဆောင်နိုင်စွမ်းရှိပါတယ်။
ITSRI သုတေသနဌာန ရဲ့ တင်ပြချက်တွေမှာ ပဲ့ကိုင်ပေးခဲ့တာကတော့ ITDP ရဲ့ BRT Planning Guide ပါ။
BRT စံနစ်ဖြင့် ဘတ်(စ)ကားများအား အသစ်တဖန် မွေးဖွားစေခြင်း

တီဟီရန်ဟာ သူ့ရဲ့ ပထမဆုံး BRT စံနစ်အတွက် မြို့လည်ခေါင် ဧရိယာကို ဖြတ်သန်းသွာေးသာ အရှေ့အနောက် သွယ်တန်းထားတဲ့ ကော်ရစ်ဒါကို ရွေးချယ်ခဲ့ပါတယ်။
မြို့တော်ဝန် မိုဟာမက် ဘာဂါ ကာဇီဘတ် ရဲ့ ပရောဂျက်အပေါ် ခိုင်မာတဲ့ ကျောထောက်နောက်ခံ ပြုပေးခဲ့မှုက အီရန်သမ္မတ ကနေ တီဟီရန်တက္ကသိုလ်အသိုက်အ၀န်းအထိ ကျယ်ပြောတဲ့ ဝေဘန်ကန့်ကွက်မှုတွေကို ကျော်လွှားနိုင်ဘို့ မရှိမဖြစ် အရေးပါခဲ့ပါတယ်။
မြို့တော်ဝန်ရဲ့ ထောက်ခံမှုကြောင့် တီဟီရန်ဟာ သူ့ရဲ့ ပထမဆုံး BRT စံနစ်မှာ ခေတ်မီဒီဇိုင်းအခွင့်အလမ်းတွေကို သုံးစွဲခွင့် ရခဲ့တယ်။
ရလာဒ်က ၂၀၀၇-ခုနှစ်မှာ စတင်ဖွင့်လှစ်လိုက်တဲ့ ပထမဆုံး BRT လိုင်းမှာ ဗယ်ညာယာဉ်ကြော(၂)ခု ရဲ့ အလယ်မှာ ဖောက်လုပ်ထားတဲ့သီးသန့် ပြေးလမ်း၊ ကြိုတင်အခပေးကဒ်(Prepaid RFID card)၊ တွဲဆက်ယာဉ်(Articulated Bus) တို့ ပါဝင်ခဲ့တယ်။

Articulated Bus တွဲဆက်ယာဉ်
ပြေးဆွဲတဲ့ ပထမဆုံးနှစ်မှာဘဲ စီးနင်းသူ ၇၇%ထိ ထိုးတက်ခဲ့ပြီး၊ နေ့စဉ်စီးနင်းသူ ၄၅၀,၀၀၀-ဦးရှိလာတယ်။ BRT စံနစ်ဟာ ဘတ်(စ)ကားအခြေပြု လူထုသယ်ယူပို့ဆောင်ရေးကို အသစ်တဖန် မွေးဖွားစေခဲ့ပြီး၊ လူတန်းစားအလွှာသစ်တွေကို လည်း ဆွဲဆောင်နိုင်ခဲ့ပါပြီ။ အဲဒီအလွှာတွေထဲမှာ ကော်လာဖြူ ပညာတတ်တွေ ပါဝင်ပြီး၊ သူတို့ဟာ ကိုယ်ပိုင်ကားနဲ့ Taxi တွေအစား BRT ကို ရွေးချယ်ခဲ့တာပါ။
BRT လိုင်းရဲ့ အောင်မြင်မှု တစ်ခုကတော့ BRT လိုင်းဝန်းကျင်က လူတွေရဲ့ အမြင်ကို ပြောင်းလဲစေခဲ့တာပါဘဲ။ BRT လိုင်းတည်ဆောက်ရေးကါလမှာ အဲဒီဝန်းကျင်မှာ ရှိတဲ့ ကုန်တိုက်နဲ့ စီးပွားရေးလုပ်ငန်းတွေက BRT ကြောင့် သူတို့ လုပ်ငန်းတွေ ထိခိုက်လာနိုင်တယ်ဆိုပြီး ကန့်ကွက်ခဲ့ကြပေမယ့် အခုတော့ BRT ကြောင့် သူတို့လုပ်ငန်းတွေ ပိုအဆင်ပြေလာရတယ်လို့ ဆိုနေကြပါပြီ။
ဒီအောင်မြင်မှုတွေဟာ မြို့တော်ဝန် အပါအ၀င် မြို့တော်အုပ်ချုပ်ရေးအဖွဲ့ ရဲ့ ဒီပရောဂျက်အပေါ် စိတ်ပိုင်းဖြတ် ထောက်ခံပေးခဲ့မှုက ITSRI ဌာနက ဒီဇိုင်းထုတ်တဲ့ BRT ကွန်ယက်ကြီးတစ်ခုလုံး ရှေ့ခရီးဆက်နိုင်အောင် တွန်းအားပေးမောင်းနှင် ပေးခဲ့ပါတယ်။
လိုင်းအမှတ်(၁) အရှေ့-အနောက် ကော်ရစ်ဒါ စတင်ဖွင့်လှစ်ပြီး၊ ဒီနှစ်မှာ လိုင်း(၆)လိုင်းထိ ရှိလာခဲ့ပြီး၊ ပြေးဆွဲသည့် ခရီးအရှည် (176) ကီလိုမီတာအထိ ရှိကါ ခရီးသည် (၁.၆)သန်းကိုနေ့စဉ် ၀န်ဆောင်မှု ပေးလျက်ရှိပါတယ်။


ITDP ရဲ့ စီအီးအို ဝေါလ်တာဟွတ်ခ် ဟာ မကြာသေးမီက တီဟီရန်ကို ရောက်ရှိလာပြီး၊ မြို့တော်မှာ ပြေးဆွဲနေတဲ့ BRT လိုင်းတွေကို အကဲဖြတ် အဆင့်သတ်မှတ်ပေးခဲ့ပါတယ်။
(၂)လိုင်းက ငွေအဆင့် သတ်မှတ်ခံရပြီး၊ နောက်ထပ်(၂)လိုင်းက ကြေးအဆင့်ပါ။
အချိန်ကါလနဲ့ နိုင်ငံရေးစံနစ်အပြောင်းအလဲတစ်ချို့ကြောင့် ပထမဆုံး East-West Line ရဲ့ အဆင့်မြင့် ဒီဇိုင်းစွမ်းရည်တွေကို နောက်ထပ်တိုးချဲ့တဲ့ လိုင်းတွေမှာ အစုံအလင် ထည့်သွင်းခွင့်မရခဲ့တာကတော့ ၀မ်းနည်းစရာပါဘဲ။
BRT စံနစ်၏ အကျိုးကျေးဇူး
တီဟီရန် BRT စံနစ်ကြောင့် စီးပွားရေး၊ လူမှုရေးနှင့် သဘာဝဂေဟစံနစ် ဆိုင်ရာ အကျိုးကျေးဇူးတွေကို မြို့တော်က ခံစားခွင့် ရရှိခဲ့တယ်။ ဒီစံနစ်ကြောင့် ခရီးကြန့်ကြာချိန်တွေကို လျှော့ချနိုင်ပြီး၊ ကိုယ်ပိုင်ယာဉ်အသုံးပြုသူတွေဟာ BRT ဘတ်(စ)ကား ပြောင်းစီးလာခဲ့ကြတယ်။
နောက်ဆုံးတင်သွင်းလာတဲ့ ယာဉ်သစ်တွေဟာ ဆီစား ပိုသက်သာတယ်။
ယာဉ်ကြောပိတ်ဆို့မှုတွေ သိသိသာသာ လျော့ပါးလာတယ်။
မြို့တော်လေထုဟာ သန့်စင်မှုအချိုးမြင့်တက်လာခဲ့ပြီး၊ ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချနိုင်ခဲ့ပါတယ်။
လေ့လာချက်တွေအရ၊ BRT ဟာ ငယ်ရွယ်ပြီး၊ ခေတ်ပညာတတ်တဲ့ စီးနင်းသူတွေအဘို့ နေ့စဉ်လူနေမှုဘ၀ရဲ့ စတိုင်တစ်ခုဖြစ်လာတယ်။
ဆာဗေးတစ်ခုမှာ အမေးခံတဲ့ လူ(၂၂၀၀)လောက်ထဲက ၆၅% က BRT ဟာ မြို့လည်စီးပွားရေးရပ်ကွက်(CBD) တွေအတွင်း ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းဘို့ စံနမူနာပါဘဲလို့ ယူဆပါသတဲ့။
တီဟီရန် BRT စံနစ်မှာ
- အတက်အဆင်းမြန်စေဘို့ တံခါးပေါက်ကျယ်တွေ များများထည့်ပေးထားတယ်။
- ဘတ်(စ)ကားမှတ်တိုင်(Station) တွေဟာ ရာသီဥတုဒဏ်ကနေ ခရီးသည်တွေ လုံခြုံဘို့ ဒီဇိုင်းထုတ် ဆောက်လုပ်ထားပါတယ်။
- လေထုအပူချိန် ထိန်းညှိစက် (Air-conditioner)
- အိုမင်းမစွမ်းနဲ့ မသန်မစွမ်းသူတွေ၊ ကလေးငယ်တွေ တက်ဆင်းရ လွယ်ကူအောင် ဖန်တီးထားတယ်။
- ဘတ်(စ)ကား ဆိုက်ရောက်ချိန် အသိပေးသော စံနစ် (Passenger's Information System)
- အီလက်ထရောနစ် လက်မှတ် (E-ticketing)
- ယာဉ်တစ်စီးချင်းစီအား အချိန်နှင့် တစ်ပြေးညီ စောင့်ကြည့်ကွပ်ကဲနိုင်သောစံနစ်
- မှတ်တိုင်များအားလုံးတွင် လုံခြုံရေးအတွက် CCTV ကင်မရာဖြင့် မှတ်တမ်းတင်သောစံနစ် တို့ ပါဝင်ပါတယ်။
အကျိုးရလဒ်များအနေဖြင့်
- မြို့တော်၏ လေထုအရည်အသွေးတိုးတက်လာခြင်း
- မြို့တော်လောင်စာဆီသုံးစွဲမှု လိုအပ်ချက် ကို လှျေ့ချနိုင်ခြင်း
- အမှတ်(၁)လိုင်းပြေးဆွဲသည့် လမ်းကြောင်းတစ်လျှောက် ကာဗွန်ထုတ်လွှတ်မှုသည် ၄၆% အထိလျော့ကျသွားသည်။
- အမှတ်(၂)လိုင်းပေါ်တွင် ကိုယ်ပိုင်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ၏ လောင်စာဆီသုံးစွဲမှုကို နေ့စဉ်လီတာပေါင်း ၁.၅သန်းနီးပါး(၁,၄၉၅,၀၀၀) ချွေတာနိုင်ခဲ့သည်။
- နောက်ဆုံးပြီးစီးသည့်လိုင်းဖြစ်သည့် အမှတ်(၇)လိုင်းပေါ်တွင် ကိုယ်ပိုင်ယာဉ်သုံးခရီးစဉ်စုစုပေါင်း၏ ၂၇%သည် ယခုအခါ BRT ကို ပြောင်းလဲ အသုံးပြုလာသည်။
Sustainable Transport Magazine, ITDP ပါ S. Mehdi Hashemi and Farshad Jalali ရေးသားသော Tehran’s Transport Turnaround ဆောင်းပါးအား နားလည်မိသလို ဘာသာပြန်ဆိုပါသည်။ အမှားအယွင်းရှိခဲ့ပါက ဘာသာပြန်သူ၏ ချို့ယွင်းချက်သာဖြစ်ပါသည်။
No comments:
Post a Comment